ဒေါ်စုကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက်

ဒေါ်စုကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက်
by -
ဖနိဒါ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ယနေ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ယနေ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

ပြည်တွင်း အဖွဲ့အစည်းများဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ခြင်းဟာ ပြည်သူလူထု တရပ်လုံးအပေါ် စစ်အစိုးရက တွန်းပို့တာပဲ။ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသား ညီညွတ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်သွားစေတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုအားလုံးကို ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ဦးဆောင်မှုများ ပေးသင့်သည်ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗကသ က ''လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်မဲ့ ထောင်ချမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချ၊ ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းကို အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်ကြ'' ဟု ခေါင်းစည်းတပ်ထားသည့် ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု အပါအဝင် နည်းမျိုးစုံနဲ့ အသက်အန္တရယ်ပေးခဲ့ပြီးနောက် အကျယ်ချုပ် ချထားခဲ့ကာ လွတ်ရက်စေ့ကာနီးမှ အမှုဆင် မတရားစွဲဆိုလျက် မတရား ထောင်ချပစ်လိုက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဤသည်မှာ အန်အယ်ဒီ၏ နိုင်ငံရေး ဦးဆောင်မှုကို အားပျော့သွားစေရန်၊ တိုင်းရင်းသားအင်အားစုများနှင့် ပြည်သူလူထု၏ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး တိုက်ပွဲလမ်းကြောင်းကို ယိမ်းယိုင်သွားစေရန်နှင့် စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ရေး လုပ်ငန်းစဉ်များကို စိတ်ချလက်ချ အကောင်အထည် ဖော်နိုင်ရန်အတွက်ဖြစ်ကြောင်း အထင်အရှား တွေ့နေရသည်ဟု ဆိုထားသည်။

လူထုခေါင်းဆောင်အား အပြစ်မရှိဘဲ ယခုလို မတရား ထောင်ချလိုက်ခြင်းအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်အာဏာရှင်တို့ အလိုကျ လမ်းကြောင်းအတိုင်း မဖြစ်စေဘဲ၊ မြန်မာပြည်သူ လူထုကြီးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအကျယ်ချုပ် ချထားတယ်ဆိုတဲ့ ပြစ်ဒဏ်တွေက တရားမဝင်ဘူး။ အစကလည်း အမှုဆင်ပြီးတော့ လုပ်ခဲ့တယ်။ ဒါတွေ အားလုံး ရှုတ်ချတယ်။ မတရားဘူး။ ဒီလို သူ့ကို အကျဉ်းချလိုက်ခြင်းဟာ ဒီမိုကရေစီလမ်းစကို ပိတ်လိုက်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမှတ်လိုက်ခြင်းသည် အန်အယ်ဒီက ကမ်းလှမ်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြုပြင်ရေးကို ငြင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့အား ၂၀၁၀ ရွေးကောက်ပွဲကို မပါဝင်နိုင်ရန် ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဧပြီလတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် စစ်အစိုးရ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ် ၆ နှစ် ကျခံခဲ့သည်။

နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ခါနီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်ပြီး “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂” အား ဖောက်ဖျက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်ဟု စစ်အစိုးရ ထုတ်ဖော် ကြေညာခဲ့သည်။

Most read this week