ချင်းမိုင် (မဇ္စျိမ)။ ။ ၂၁ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိန်းအမှတ်ကို ပြည်တွင်းပြည်ပတွင် အမှတ်တရ အခမ်းအနားများ ပြုလုပ်ခဲ့သည်။
မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရှစ်လေးလုံး နှစ်ပတ်လည် အထိန်းအမှတ်အနေဖြင့် မဟာမြတ်မုနိဘုရားတွင် ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။
“ကျနော်တို့က ရှစ်လေးလုံးတုန်းက အသက်ပေး သေဆုံးခဲ့ကြတဲ့ အကိုတွေ၊ အမတွေကို ရည်စူးပြီးတော့ လွမ်းဆွတ်သတိရခြင်းများစွာနဲ့ ဆွမ်းကပ်ခြင်း လုပ်တာပါ။ ဒီမိုကရေစီ ဖော်ဆောင်တဲ့ ရဲဘော်ရဲဘက်တွေကို သတိရ ဆွမ်းကပ်တာပါ” ဟု မန္တလေးတိုင်း လူငယ်အဖွဲ့ဝင် ကိုမြင့်မော်က မဇ္ဈိမကို ပြောသည်။
မကွေးတိုင်း ရေနံချောင်းမြို့ပေါ်ရှိ မြန်မာပြည်အတွင်း လုံခြံုရေးများ တင်းကျပ်ခြင်းကြောင့် အခမ်းအနား ပြုလုပ်နိုင်ခြင်း မရှိခဲ့သော်လည်း အန်အယ်ဒီ အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း ၈ ကျောင်းသို့ ဆွမ်းကပ် လှူန်ဒါန်းခဲ့ကာ ကျဆုံးသွားသည့် ကျောင်းသားလူငယ်များအား ရည်စူးကာ ရေစက်ချ အမျှဝေခဲ့ကြသည်။
“၂၁ နှစ်မြောက်တဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ မဆောင်ရွက််နိုင်သေးပါဘူး။ ဒါကြောင့် ကျနော်တို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံရေးကို ကျနော်တို့အနေနဲ့ မဖြစ်ဖြစ်အောင် မလျှော့သော ဇွဲလုံ့လ ဝိရိယတွေနဲ့ ဒီနေ့ ဒီအချိန်မှာ ဒီထက် ဆက်ကြိုးစားပြီး လုပ်ကိုင်ရဦးမယ်ဆိုတာ လက်ရှိ အခြေအနေတွေက ညွှန်ပြနေတယ်” ဟု အန်အယ်ဒီ ရေနံချောင်းမြို့နယ် စည်း ဦးသန်းအောင်က ပြောသည်။
ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် ရေနံချောင်းတမြို့လုံး၌ လုံခြံုရေးများ တင်းကျပ်စွာ ချထားရာ ဆိုင်ကယ်၊ ကားတို့ဖြင့် လှည့်ပတ်နေကာ လူစည်ကားရာနေရာတိုင်း ရဲတပ်ဖွဲ့များအား နံပါတ်တုတ်များ ကိုင်ဆောင်ကာ တနေရာလျှင် ၅ ဦးမှ ရ ဦးအထိ စောင့်ကြပ်ထားသည်ဟု ပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့်အောင်ကလည်း စစ်အစိုးရက ဖမ်းဆီးမှုကို ပုန်းရှောင်နေရာမှ လက်ရှိ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များအား ဒီမိုကရေစီရရှိရေးအတွက် စည်းလုံးညီညွန်ရန် တိုက်တွန်း နှိုးဆော်ထားလိုက်သည်။
“၈၈ အရေးအခင်းကနေ ဒီနေ့ထက်ထိ ပေးဆပ်ခဲ့တဲ့ ကျောင်းသား၊ ရဟန်းပြည်သူတွေကို သိစ္စာထားပြီးတော့ ပြည်သူတရပ်လုံးအတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို သွားဖို့အတွက် ကျနော်တို့ ကျောင်းသားတွေ အားလုံး ညီညွတ်ထားဖို့ လိုတယ်။ အကြွင်းမဲ့ ညီညွတ်ရေးကို အလုပ်သဘောအရ ညီညွတ်တယ်ဆိုရင်ပဲ ကျနော်တို့ တည်ထောင်လို့ ရပါပြီ၊ ရဲရင့်ရမယ်။ တွေဝေနေဖို့ မလိုဘူး။ ၈၈ ကို သင်ခန်းစာယူပြီး နိုင်ငံရေး အတတ်ပညာတွေ ဖြည့်ဆည်း၊ မဟာဗျူဟာ နည်းပရိယာယ်မှာ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
ဂျပန်နိုင်ငံရောက် မြန်မာအင်အားစု လူဦးရေ ၁၀၀၀ ခန့်သည် တိုကျိုမြို့ မြန်မာသံရုံးသို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဂျပန်နိုင်ငံရောက် ၈၈ ကျောင်းသား ကိုဘုန်းမြင့်ထွန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ၈၈ ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်း လွှတ်ပေးရန်၊ မတရား ဖမ်းဆီးထောင်ချမှုများကို ချက်ချင်း ရပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းပေးရန်၊ ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။