နယူးဒေလီ (မဇ္စျိမ)။ ။ လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသော မြန်မာနိုင်ငံသား တဦးသည် ဖိလစ်ပိုင်အခြေစိုက် ရေမွန် မက်ဂ်ဆေးဆေးဆု ရရှိသွားသည်။
အာရှ၏ နိုဘယ်လ်ဆုဆိုကာ ပြောစမှတ်ပြုကြသော ယခုဆုကို ၂၀၀၉ ခုနှစ်အတွက် ၆ ဦးကို ပေးအပ်ရာ ပြည်ပအခြေစိုက် Earth Rights International အဖွဲ့ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်၊ လက်ရှိ အကြီးအကဲလည်းဖြစ်သူ ကာဆောဝါးကို ပေးလိုက်ခြင်း ဖြစ်သည်။
“ကျနော် အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျနော်တို့ လုပ်ငန်းအတွက် အောင်မြင်မှုတခုပါ။ ကျနော်ခံစားတာက ခုလိုရရှိလို့ ကျနော်တို့ အဖွဲ့အစည်းအတွက် ရှေ့လာမဲ့ လုပ်ငန်းစဉ်တွေမှာ တွင်ကျယ်စေမဲ့ တွန်းအားတခုပေါ့ဗျာ” ကာဆောဝါး ဟု ပြောသည်။
“ကျနော်တို့အလုပ်က မြန်မာပြည်မှာရှိတဲ့ ဘယ်တိုင်းရင်းသား လူငယ်တွေပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးကို နားလည် လုပ်တတ်သွားအောင် ကျနော်တို့ သင်ပေးတာပါ” ဟု သူက ပြောသည်။
Ramon Magsaysay Award Foundation ၏ ဥက္ကဌဖြစ်သူ ကာမင်စီတာ တီ အဘဲလာက “၂ဝဝ၉ခုနှစ် ဆုရရှိသူတွေဟာ အာရှသူရဲကောင်းများ အမှန်စင်စစ်ဖြစ်ပြီး၊ သူတို့ ပြည်သူတွေအတွက် အရေးကြီး လိုအပ်ချက်တွေကို သူတို့သိထားတဲ့ အသိတွေနဲ့ ကျွမ်းကျင်မှုတွေနဲ့ ပံ့ပိုး ပေးကူညီပေးတဲ့သူတွေ ဖြစ်ပါတယ်” ဟု အဖွဲ့၏ အင်တာနက် ဝက်ဆိုဒ်တွင် ပြောကြားထားသည်။
ငွေသား ဒေါ်လာ ၅ သောင်းနှင့် ဆုတံဆိပ်ချီးမြှင့်မည်ဖြစ်ကာ ဆုပေးပွဲကို သြဂုတ်လ ၃၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်သွားမှာ ဖြစ်သည်။
“အနာဂတ်မှာ မြန်မာပြည်မှာရှိတဲ့ အမှောင်ကျနေတဲ့ လူငယ်တွေ၊ ပိုပြီးတော့ အတွေးအမြင်ကျယ်ပြန့်လာပြီး လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့ကို ရည်ရွယ်ပါတယ်” ဟု ကာဆေးဝါးက ပြောသည်။
ဖိလစ်ပိုင် တတိယမြောက်သမတ ရေမွန် မက်ဂ်ဆေးဆေး၏ ဦးဆောင်မှုကို ဂုဏ်ပြုကာ ၁၉၅၇ ခုနှစ်တွင် ဆုရွေးချယ်ရေးအဖွဲ့ကိုတည်ထောင်ခဲ့သည်။ ကိုယ်ကျိုးစွန့်ကာ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်သူ့စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးထိန်းသိမ်းရေး လုပ်ဆောင်သူ အာရှသားများကို ဆုပေးခဲ့သည်။
မက်ဂ်ဆေးဆေးဆုမှာ မြန်မာတို့နှင့် စိမ်းလှသည်တော့ မဟုတ်။ ၂၀၀၂ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်ရှိ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က လူမှုအဖွဲ့အစည်း ဦးဆောင်မှုဆိုင်ရာ ဆုရရှိခဲ့ပြီး၊ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံသူ တီတီလုစ် နှင့် ထိုစဉ်က နေရှင်း သတင်းစာတိုက်ပိုင်ရှင် ဦးလောရုံတို့ ရရှိခဲ့ဖူးသည်။
ဒေါ်တီတီလုစ်မှာ ပြည်သူ့ဝန်ထမ်းဆုရရှိပြီး ဦးလောရုံက စာနယ်ဇင်း၊ စာပေ ဆိုင်ရာဆု ရရှိခဲ့ခြင်း ဖြစ်သည်။
ကွယ်လွန်သူ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းကို ဆုပေးအပ်ခဲ့သော်လည်း ဆုယူရန် ငြင်းပယ်ခဲ့သည်။