နယူးဒေလီ (မဇ္စျိမ)။ ။ မန္တလေးမြို့ ယာဉ်တိုက်မှုတခုတွင် သေဆုံးခဲ့သည့် ၂၁ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသားတဦးအတွက် သက်ဆိုင်ရာ ကားအသင်းမှ အရေးယူဆောင်ရွက်မှု မရှိသဖြင့် မိဘများက ကာကွယ်ရေး ဝန်ကြီးဌာနသို့ တိုင်ကြားလိုက်သည်။
ယခုလ ၁ ရက်နေ့ ရက်စွဲတပ် တိုင်ကြားစာကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးတင်အေးထံ လိပ်မူထားပြီး၊ မိတ္တူများကို အလယ်ပိုင်းနှင့် နေပြည်တော် စစ်တိုင်းမှူးများ၊ သမဝါယမနှင့် ပြည်ထဲရေး ဝန်ကြီးများထံသို့ သေဆုံးသူ၏ မိသားစုဘက်က ပေးပို့ခဲ့သည်။
၇၈ လမ်းပေါ်ရှိ ကုန်တိုက်ရှေ့တွင် ဧပြီလ ၉ ရက်နေ့က ကားတိုက်မှုဖြစ်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ မရည်မွန်အေး သေဆုံးခဲ့သည်။
မိဘများက တိုက်သွားသောကားမှာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လိမိတက်မှ ရွှေမန်းသူ ပို့ဆောင်ရေးလုပ်ငန်းမှ ဘတ်စ်ကားဖြစ်သည်ဟု ဆိုသည်။
“တိုက်တဲ့ ကားကို ယာဉ်ထိန်းစခန်းကို ခေါ်သွားတယ်။ တိုက်လို့ ၆ ရက်ပဲ ရှိသေးတယ်၊ သက််သေခံကားကို အာမခံနဲ့ ထုတ်သွားတယ်။ ရည်မွန်အေး မိဘတွေကို ဘာမှ လုပ်မပေးဘူး။ စျာပနလိုက်ပို့ဖို့ ကားလည်း အကူအညီ မပေးဘူး။ ငွေကြေးအကူအညီလည်း မပေးဘူး။ ရွှေမန်းသူ ကားသင်းက ဗိုလ်ကြီးသိန်းကျော်ငြိမ်းက သူတို့ ကားသင်းကနေ တိုက်တာမဟုတ်ဘူးလို့ ငြင်းတယ်” ဟု အမည်မဖော်လိုသူ ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။
မီးပွိုင့်တွင် လမ်းဖြတ်ကူးရန်အတွက် မရည်မွန်အေးနှင့် သူငယ်ချင်း မလှိုင်စုမွန်တို့ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဦးခင်မောင်ထွန်း မောင်းနှင်လာသည့် ရွှေမန်းသူ ဘတ်စ်ကား (၄ခ/၉၄၆၁၊ ဟီးနိုး rainbow) က ဝင်တိုက်သည့်အတွက် မရည်မွန်မှာအခင်း ဖြစ်ပွားရာတွင်ပင် သေဆုံးခဲ့ပြီး မလှိုင်စုမွန်မှာ ဦးခေါင်းကို ထိခိုက်သည့် ဒဏ်ရာကြောင့် စိတ်ဝေဒနာ ခံစားနေရကြောင်း တိုင်ကြားစာထဲ၌ ဆိုထားသည်။
မန္တလေး ဆေးရုံကြီး၏ ဆေးအစီရင်ခံစာတွင် မရည်မွန်နှင့် ပတ်သက်၍ “ဆေးရုံသို့ ပထမ ရောက်ရှိစဉ်က ရရှိသော ဒဏ်ရာအကြောင်းအရာ အပြည့်အစုံ”ဆေးမှတ်တမ်းတွင် “ဦးခေါင်း(မျက်နှာ)နှင့် လည်ပင်းပိုင်းတွင် ပွန်းခြစ်ဒဏ်ရာများ၊ ဘယ်ဘက်နားထင်ပိုင်း စုတ်ပြဲဒဏ်ရာ (၁၂ x ၈) စင်တီမီတာခန့် ကွဲခြင်း၊ နောက်ကျောပိုင်း အလယ်နှင့် ဝဲတင်ပါးတို့တွင် ပွန်းခြစ်သည့် ဒဏ်ရာများ ရှိခြင်း၊ ဦးခေါင်းခွံအခြေရိုး၊ ဦးခေါင်းရိုး ညာဘက်၊ ဝဲဘက်မျက်နှာရိုးများ ကျိုးပဲ့ခြင်း၊ ဦးနှောက်စုပ်ပြဲခြင်း၊ ဝဲညှပ်ရိုးများ ကျိုးပြီး ရင်ခေါင်အတွင်း သွေးယိုစီးခြင်းများ တွေ့ရသည်” ဟု ပါရှိကြောင်း တိုင်စာထဲတွင် ထည့်သွင်းဖော်ပြထားသည်။
ရဲမှုခင်း မှတ်တမ်းအစီရင်ခံစာတွင် “တိုက်သောယာဉ်သည် ဘတ်စ်ကား ဖြစ်နိုင်ကြောင်းနှင့် မျက်နှာပြင်ပြားသော ယာဉ်ဖြင့် ထိခိုက်ခြင်းကြောင့် ဝဲဘက်နားတင်၊ ဝဲညှပ်ရိုး၊ ဝဲနံရိုး၊ ဝဲတင်ပါးကို တပြိုင်တည်း ထိခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ဆေးစာတွင် မပါသော်လည်း “ဘယ်လက်” ကိုပါ ထိခိုက်သဖြင့် လက်ပတ်နာရီ ပျက်စီးသွားကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ ပြောပြချက်ဟုဆိုကာ တိုင်စာထဲတွင် ဆိုထားသေးသည်။
ရွှေမန်းသူ ကားအသင်းက ယာဉ်တိုက်မှုတွင် သူတို့နှင့် သက်ဆိုင်မှု မရှိကြောင်း ပြင်ပတွင် ငြင်းဆိုခဲ့ပြီး ယခုထိ ကူညီဖြေရှင်းမှုများ လုပ်ဆောင်ရန် ပျက်ကွက်နေသည်ဟု တိုင်စာက ဆိုသည်။
ယာဉ်ထိန်းရဲကလည်း အမှုဖွင့် တိုင်ကြားထားသည်ဟူသော အကြောင်းကြားမှုမျိုး မိသားစုထံသို့ မပြောခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူက ပြောဆိုသည်။
လျော်ကြေးမျိုး မဟုတ်ဘဲ မရည်မွန်အေး ရည်ရွယ်ခဲ့သော “ရည်မွန်အေး ပညာရေး ဖောင်ဒေးရှင်း” ကို အကောင်အထည် ဖော်ရန်အတွက် ထည့်ဝင်လှူဒါန်းသည့် ငွေကြေးမျိုးကိုသာ မိသားစုအနေဖြင့် လက်ခံ စဉ်းစားသွားမည်ဟု စိတ်ကူးထားကြောင်း ဆွေမျိုးတော်စပ်သူက ပြောဆိုလိုက်သည်။
Published
Thursday, July 30, 2009 - 22:07
ဆေးကျောင်းသူ သေဆုံးမှု ရွှေမန်းသူ အတိုင်ခံရ
မန္တလေးမြို့ ယာဉ်တိုက်မှုတခုတွင် သေဆုံးခဲ့သည့် ၂၁ နှစ်အရွယ် ဆေးတက္ကသိုလ် ကျောင်းသားတဦးအတွက် သက်ဆိုင်ရာ ကားအသင်းမှ အရေးယူဆောင်ရွက်မှု မရှိသဖြင့် မိဘများက ကာကွယ်ရေး ဝန်ကြီးဌာနသို့ တိုင်ကြား ...