ထိုင်းနိုင်ငံရှိ မြန်မာကျောင်းသူ A (H1N1) ရောဂါ ပျောက်ကင်း

ထိုင်းနိုင်ငံရှိ မြန်မာကျောင်းသူ A (H1N1) ရောဂါ ပျောက်ကင်း
by -
နန်းဒေဝီ
ကမ္ဘာ့လူတုပ်ကွေး A (H1N1) ရောဂါ ကူးစက်ခံရသည့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသူတဦး ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။ ဘန်ကောက် တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ၂၇ နှစ်အရွယ် မြန်မာကျောင်းသူ ...

 
နယူးဒေလီ (မဇ္စျိမ) ။     ။ ကမ္ဘာ့လူတုပ်ကွေး A (H1N1) ရောဂါ ကူးစက်ခံရသည့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသူတဦး ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။
 
ဘန်ကောက် တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ၂၇ နှစ်အရွယ် မြန်မာကျောင်းသူသည် A (H1N1) ကူးစက်ခံရသဖြင့် ဘန်ကောက်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတရုံတွင် ယခုလ ၁၂-၁၇ ရက်အတွင်း ဆေးကုသခံခဲ့ရာ ရောဂါ ပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းခဲ့ခြင်း ဖြစ်သည်။
 
“ဆေးရုံတက်ခါစက ဆရာဝန်တွေက စမ်းသပ်တာ A ပိုး၊ positive sign လို့ ဆရာဝန်တွေကပြောတော့ တပတ်လုံးလုံးက Tamiflu ဆေးသောက်ခိုင်းတယ်။ ဆေးရုံက ဆင်းမယ့်နေ့မှာ ပြန်စစ်တာ negative ဖြစ်သွားပြီလို့ ပြောတယ်။ ပြီးတော့မှ ဆေးရုံက ဆင်းခိုင်းတယ်” ဟု အဆိုပါ မြန်မာကျောင်းသူက မဇ္ဈိမကို ပြောသည်။
 
သူသည် မြို့တော်ဘန်ကောက်ရှိ ABAC Assumption တက္ကသိုလ်တွင် ပညာသင်ကြားနေပြီး ရက်သတ္တပတ် တပတ်နီးပါး ခေါင်းဆိုးပြီး အဖျားမကျဖြစ်ရာမှ ရောဂါပျောက်ရန် ဆေးသောက်ခဲ့သော်လည်း မပျောက်သဖြင့် ဆေးရုံတွင် သွားရောက်စစ်ဆေးခဲ့ရာ A (H1N1) ရောဂါပိုးနေကြောင်း သိရခဲ့သည်။
 
ယခုအခါ ဆေးရုံမှ ဆင်းခွင့်ရသော်လည်း ဆရာဝန်ညွှန်ကြားထားသည့် anti-biotic ခေါ် ပဋိဇီဝဆေးများ ဆက်လက်၍ သောက်သုံးနေရဆဲ ဖြစ်သည်။
 
“၂၆ ရက်နေ့က တခါ ဆေးရုံသွားပြရတယ်။ နောက်ထပ် anti-biotic ဆေးတွေ၊ တပတ်စာသောက်ဖို့ ပေးလိုက်သေးတယ်။ အခုပေးတဲ့ ဆေးတွေမှာ Tamifluဆေး မပါဘူး။ ချွဲတွေကျသွားဖို့ ဆေးတွေပေးလိုက်တာ” ဟု သူက ပြောသည်။
 
ရောဂါပျောက်ကင်းပြီဖြစ်သော်လည်း ခုခံအားလျော့နည်းနေစဉ် ရောဂါကူးစက်ရန် လွယ်ကူသဖြင့် လူအများကြား သွားလာပါက နှာခေါင်းစည်းတပ်ရန်နှင့် သီးခြားနေထိုင်ရန် ဆေးရုံမှ ဆရာဝန်က မှာကြားထားသည်။
 
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံတွင် A (H1N1) ကူးစက်ခံရသူပေါင်း ၆၇၀၀ ကျော်ရှိပြီး၊ ၄၄ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့လူတုပ်ကွေး ကူးစက်ခံရသူသည် စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း မြန်မာ စစ်အစိုးရက ပြီးခဲ့သည့်လ ၂၈ ရက်နေ့ထုတ် သတင်းစာတွင် ပြောဆိုခဲ့သည်။
 
ယခုအခါ ရောဂါကူးစက်ခံခဲ့ရသူ ၆ ဦးအနက် စတုတ္ထမြောက်လူနာမှာ ရောဂါပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့ရာ လက်ရှိတွင် ကူးစက်ခံရသူ ၂ ဦးသာ ကျန်ရှိပြီး၊ သူတို့မှာလည်း ရောဂါသက်သာလျက် ရှိကြောင်းနှင့် A (H1N1) ရောဂါရှိသူအဖြစ် သံသယရှိသူ ၈၉ ဦးအား ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနမှ စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ ၆ ဦးသာ ရှိခဲ့ကြောင်း ယနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

Most read this week