မြန်မာလုပ်သားများ နေအိမ် မီးရှို့ခံရ

မြန်မာလုပ်သားများ နေအိမ် မီးရှို့ခံရ
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရာ့မြို့နယ် ၄၄ ကီလိုမီတာ ကျေးရွာရှိ မြန်မာစိုက်ပျိုးရေး လုပ်သား ၁၀၀ ကျော်အား ယမန်နေ့ နံနက်ပိုင်းက ထိုင်းနယ်ခြားစောင့်တပ်မှ ဖမ်းဆီးခဲ့သလို၊ နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံများ အဆိုအရ သိရ ...

 
ချင်းမိုင် ။     ။ ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရာ့မြို့နယ် ၄၄ ကီလိုမီတာ ကျေးရွာရှိ မြန်မာစိုက်ပျိုးရေး လုပ်သား ၁၀၀ ကျော်အား ယမန်နေ့ နံနက်ပိုင်းက ထိုင်းနယ်ခြားစောင့်တပ်မှ ဖမ်းဆီးခဲ့သလို၊ နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံများ အဆိုအရ သိရသည်။
 
နံနက် ၃ နာရီခန့်တွင် ထိုင်းနယ်ခြားစောင့်တပ်သား ဦးရေ ၅၀ ခန့်က အလုပ်သမားများ နေထိုင်သည့် အလုပ်သမားဝန်းများအတွင်း ဝင်ရောက်ကာ အလုပ်သမားလက်မှတ် မရှိသည့် တရားမဝင် မြန်မာလုပ်သားများ ထိုကဲ့သို့ ဖမ်းဆီးခံရသလို၊ ထွက်ပြေးသွားသည့် လုပ်သားများ၏ နေအိမ် ၆ လုံး မီးတင်ရှို့ခံရခြင်း ဖြစ်သည်။
 
“အဖမ်းခံရတာကတော့ ကျနော်တို့တွေလည်း ပါသွားတာပေါ့။ ကျန်တဲ့လူတွေကတော့ ကျနော် နာမည်လည်း မသိဘူး၊ အများကြီးပဲ။ အဲဒီ ပေတရာလမ်းမပေါ်မှာ ထိုင်ခိုင်းထားတာ နည်းတာမှ မဟုတ်တာ” ဟု ၎င်းကျေးရွာမှ ရွာသားတဦးက မဇ္စျိမကို ပြောသည်။
 
နယ်ခြားစောင့်တပ်များသည် ၄၄ ကီလိုမီတာ ရွာရှိ မြန်မာပြည်သား အလုပ်သမားများ နေထိုင်သည့် အကြတ်ဝင်း၊ ဦးပေစိဝင်း၊  ထွန်းလုံရှိန်ဝင်း၊ ဝက်သိုးဝင်း၊ ပေါ်လျန်းအချို့ဝင်းနှင့် ကားဖြူဝင်း စသည့် ခြံဝင်းများအတွင်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည်။
 
နေအိမ်အချို့ ယခုလို မီးရှို့ခံရသလို၊ အိမ်အလုံး ၂၀ ၏ အမိုးအကာများ ဖျက်ဆီးသွားကြောင်း မျက်မြင်သက်သေ ရွာသားတဦးက ပြောသည်။
 
“ထွက်ပြေးတဲ့ အိမ်တွေကို မီးရှို့တယ်။ အရင်နှစ်ကြိမ်ကတော့ ဖမ်းရုံပဲ ဖမ်းသွားတာ။ မီးရှို့တာမျိုး မလုပ်ဘူး။ ပစ္စည်းတွေ သိမ်းသွားတာပဲ ရှိတယ်၊ အခုမှ ရှို့တာ။ သူတို့က ဒီလူတွေက ဘတ် (ထိုင်းငွေ) ရှိလားတဲ့ မေးတော့ ရှိတယ်၊ သူဌေးဆီမှာလို့။ သူတို့မှာ လက်ဆုပ်လက်ကိုင် မပြနိုင်လို့ ကြောက်လို့ ထွက်ပြေးကြတာလို့ ပြောတော့ ကျနော့်ကို စကားများရမလားဆိုပြီး နောက်ကနေ ထိုင်းလို “အီဟာ” လို့ဆဲပြီး ခြေထောက်နဲ့ တချက် အကန်ခံရတယ်” ဟု သူက ပြောသည်။
 
ထိုသို့ ဝင်ရောက်စီးနင်းမှုအတွင်း အလုပ်သမားများ ပိုင်ဆိုင်သည့် ငွေကြေးအချို့နှင့် လက်ကိုင်ဖုန်း၊ ရေဒီယို အပါအဝင် စသည့် ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။
 
“ကျနော့် အိမ်ကဆိုလို့ရှိရင် ကျောင်းပိုက်ဆံပေါ့နော် ၈၄ဝ ယူသွားတယ်။ ကျောင်းသားကဒ်ကို အိမ်နောက်ဖေး ဗူးစင်အောက်မှာ ပစ်ချထားခဲ့တယ်။ ကျနော့်တို့ အနောက်ဘက်ဝန်းက ဆိုလို့ရှိရင် ဖုန်းတလုံး ပါသွားတယ်။ ရေဒီယိုတလုံး ပါသွားတယ်။ အကြတ်ဝန်းက ဆိုလို့ရှိရင် ဖုန်းတလုံးနဲ့ ပိုက်ဆံ ပါသွားတယ်။ ဘုရားကအစ သူတို့ ယူသွားတယ်လေ။ ဘုရားလေးတဆူပါ ယူသွားတယ်'' ဟု ၎င်း ရွာသားက ဆိုသည်။
 
ထိုင်းနယ်ခြားစောင့်စစ်တပ်အနေနဲ့ တဖက်က အလုပ်သမားတွေကို နှိပ်ကွပ်သလို တဖက်က အလုပ်ရှင်ဖြစ်သည့် မုံးလူမျိုးများကိုပါ သတိပေးသည့် သဘောဟု ယူဆကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ကိုမိုးကြိုးက ပြောသည်။
 
“အဓိကက သူတို့လုံခြံုရေးကို ထိပါးတယ်။ အလုပ်သမားလက်မှတ် ပုံစံမျိုးစုံ လုပ်ပေးပါလျက်နဲ့ အလုပ်သမား လက်မှတ်ကိုတောင် မလုပ်နိုင်ရအောင် သူတို့ကို မထီမဲ့မြင်ပြုတယ်ပေါ့ဗျာ။ အဲဒီလိုမျိုး အလုပ်သမားတွေအပေါ် သဘောထားတယ်'' ဟု သူက ပြောသည်။
 
''နောက် မုံးလူမျိုး အလုပ်ရှင်တွေနဲ့ ဆိုင်တယ်။ အဲဒီဒေသက ထိုင်းလူမျိုး နည်းတယ်။ လာအိုနဲ့ တရုတ်ကပြားတွေပေါ့ဗျာ။ အဲဒီလူမျိုးတွေက မြန်မာလူမျိုး အလုပ်သမားတွေကို စျေးပေါပေါနဲ့ ခိုင်းတယ်။ အလုပ်ကြမ်းတွေချည်းပဲ လုပ်ရတယ်။ ခြံ၊ တောင်ယာ အလုပ်ဆိုတာ အလုပ်ကြမ်းတွေပဲလေ။ ပြီးတော့ တရားဝင်လုပ်ရမယ့် အလုပ်သမားလက်မှတ်တွေ ဘာတွေကြတော့ လုပ်မပေးချင်ဘူး” ဟု သူက ဆက်ပြောသည်။
 
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာပြည်သား ၂၀၀ ခန့် နေထိုင်သော ၄၄ ကီလိုမီတာ ကျေးရွာအတွင်း တည်ရှိသည့် ဝါးတောရွာမှ နေအိမ် ၂ လုံးကို မီးရှို့ပြီး ကျန်အိမ်များ အားလုံးကို ဖျက်ဆီးခဲ့ဖူးသည်။

Most read this week