လုပ်ငန်းရှင်ကြီးများက လယ်သမားများကို အမတော်ကြေး ပေးရန်ပြင်

လုပ်ငန်းရှင်ကြီးများက လယ်သမားများကို အမတော်ကြေး ပေးရန်ပြင်
စစ်အစိုးရ၏ ညွှန်ကြားချက်အရ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ၏ ကုမ္ပဏီ ၂၅ ခု ကျော်သည် လယ်သမားများကို အမတော်ကြေး ထုတ်ပေးရန် လုပ်ဆောင်လာသည်။ စစ်အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်များက ဆန်စပါးအထူးပြု ကုမ္ပဏီ ...

 
ရန်ကုန် (မဇ္ဈိမ)။     ။ စစ်အစိုးရ၏ ညွှန်ကြားချက်အရ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ၏ ကုမ္ပဏီ ၂၅ ခု ကျော်သည် လယ်သမားများကို အမတော်ကြေး ထုတ်ပေးရန် လုပ်ဆောင်လာသည်။
 
စစ်အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်များက ဆန်စပါးအထူးပြု ကုမ္ပဏီအမည်ဖြင့် ကုမ္ပဏီများ တည်ထောင်ကာ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ လယ်သမားများကို အမတော်ကြေးအဖြစ် လယ်တဧကလျှင် ကျပ်ငွေ ငါးသောင်းမှ တသိန်းအကြား တလလျှင် အတိုး ၂ ကျပ်နှုန်းဖြင့် ထုတ်ချေးမည် ဖြစ်သည်။
 
ဦးတေဇ (ထူးထရေးဒင်း)၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ်)၊ ဦးဌေးမြင့် (ယုဇန)၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း)၊ ဦးဇော်ဇော် (Max)၊ ဦးချစ်ခိုင် (ဧဒင်ဆောက်လုပ်ရေး)၊ ဦးခင်ရွှေ (ဇေကမ္ဘာ) စသည့် ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်ကြီးများက အဓိက ဦးဆောင် ပါဝင်ပြီး အခြားသော စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ၊ လယ်သမားများ ပူးပေါင်းဖွဲ့စည်း လုပ်ကိုင်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများအသင်း အဆိုအရ သိရသည်။
 
လယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ် ထုတ်ပေးခြင်း၊ နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ ကူညီထောက်ပံ့ပေးခြင်းများကို ၎င်းတို့ကိုယ်စား ပြုလုပ်ပေးနိုင်ရန်အတွက် စီးပွားရေး လုပ်ငန်းရှင်များကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဓနုဖြူမြို့နယ်တွင် ဆန်စပါးအထူးပြု ကုမ္ပဏီ လုပ်ကိုင်နေသော ဧဒင်ဦးချစ်ခိုင် ဦးဆောင်သည့် Gold Delta ဆန်စပါးအထူးပြု ကုမ္ပဏီတွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
 
“ကုမဏီ ၂၅ ခုမှာ တချို့ ကုမ္ပဏီကြီးတွေက တဦးထဲ၊ တယောက်ထဲ လုပ်ပါတယ်။ တချို့ကျတော့ ကုမ္ပဏီ နှစ်ခု၊ သုံးခု ပေါင်းလုပ်တယ်” ဟု သူက ပြောသည်။
 
“ကျနော်တို့ လုပ်တဲ့ Gold Delta ဆိုရင် ကုမဏီ ၂၁ ခု ပါတယ်။ နောက်ပြီး ဓနုဖြူက လယ်သမားနဲ့ ဒေသခံလုပ်ငန်းရှင်က ၃၀ နီးပါး ပါတယ်။ အားလုံးပေါင်း ရင်းနှီးမတည်ငွေ ကျပ်သိန်းပေါင်း တသိန်းနဲ့ စလုပ်မှာပါ” ဟု သူက ဆိုသည်။
 
သို့သော် ထူးထရေးဒင်း ကုမ္ပဏီ၊   ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ကတော့ အစုစပ်များ မဟုတ်ဘဲ အမာခံ မတည်ကြသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
 
ထူးထရေးဒင်း ကုမ္ပဏီ စီမံချက်ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားရာတွင် ကုမဏီအနေဖြင့် ကျပ်သိန်း သုံးသောင်း ရင်းနှီးမတည်ထားပြီး ဘိုကလေး ဒေသခံ လုပ်ငန်းရှင်များက ကျပ်သိန်း နှစ်သောင်း ရင်းနှီးမတည် ထည့်ဝင်ကာ တဧကလျှင် ငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု ပြောသည်။
 
ဧဒင်ဦးချစ်ခိုင် ဦးဆောင်သော Gold Delta ကုမ္ပဏီမှာ ကျပ်ငွေ သိန်းပေါင်း တသိန်း ရင်းနှီးမြှုပ်နှံထားပြီး ဓနုဖြူမြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၅၀၀ နီးပါးသို့ တဧကလျှင် ကျပ်တသိန်းနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည်ဟု သိရသည်။
 
ထို့အပြင် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီမှ ကျိုတ်လတ် ဆန်စပါးထုတ်လုပ်ရေး ကုမ္ပဏီအမည်ဖြင့် ကျိုတ်လတ်မြို့၊ ယုဇနဦးဌေးမြင့်က ဧရာဝတီ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီအမည်ဖြင့် ဖျာပုံမြို့၊ Max မြန်မာကုမ္ပဏီမှ ဦးဇော်ဇော်က ရေကြည်နှင့် အသုတ်မြို့၊ ဦးဝင်းမြင့်၏ ရွှေနဂါးမင်းကုမ္ပဏီက မြောင်းမြမြို့၊ ဝတီပိုင် ကုမ္ပဏီလီမိတက်က မအူပင်မြို့တို့တွင်လည်း ဆန်စပါးအထူးပြု ကုမ္ပဏီများ ထူထောင်သွားကြမည်ဟု သိရသည်။
 
နအဖ အနေဖြင့် လယ်သမားအရေးများအပေါ် ကူညီထောက်ပံ့မှု ပျက်ကွက်သည်ဆိုသော ဝေဖန်ခံရမှုအပေါ် နှစ်သိမ့်ရန် ကြိုးပမ်းခြင်းနှင့် ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ခွဲတမ်းရထားသော လုပ်ငန်းရှင်အချို့အတွက် မဲဆွယ်လုပ်ငန်းများလည်း ဖြစ်သည်ဟု ကုန်သည်များက သုံးသပ်ထားကြသည်။
 
ပါဝင်ပတ်သက်နေသော လုပ်ငန်းရှင်အများစုမှာ အမေရိကန်နှင့် ဥရောပသမဂ္ဂဝင် နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု စာရင်းတွင် ပါဝင်နေသူများလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုကို ပစ်ခတ်နှိမ်နင်းကာ ထောင်နှင့်ချီ ဖမ်းဆီးခဲ့မှုအပြီး မြန်မာနိုင်ငံမှ ”နိင်ငံပိုင်လုပ်ငန်းများ၊ စစ်အုပ်စုထိပ်ပိုင်း အရာရှိများ၊ စစ်အစိုးရ လက်ရင်းလူယုံများနှင့် ၎င်းတို့၏ စီးပွားရေး ကွန်ယက်များ” ကို ဦးတည်ကာ အမေရိကန်၏ အရေးယူခံရသူ လူဦးရေ ၁၀၀ ကျော် ရှိနေသည်။
 
နာဂစ်မုန်တိုင်းကြောင့် ဆားငံရေ ဝင်ရောက်ခံရမှုကြောင့် ဧရာဝတီတိုင်းအတွင်း လယ်များ အထွက်နှုန်း ကျဆင်းသည့် ဒဏ်ဖြစ်ကာ အရှုံးပေါ်ပြီးနောက် အမတော်ကြေး ထုတ်ချေးမည်ဆိုခြင်းအတွက် ဝမ်းသာကြိုဆိုသည့် လယ်သမားများရှိနေသလို စပါးစျေးနှိမ်ပေးဝယ်မှာကိုလည်း စိုးရိမ်ကြောင့်ကြသည့် လယ်သမားများ ရှိနေပြန်သည်။
 
လယ်သမားများအနေဖြင့် ယခင်က ၎င်းတို့တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအရ စီးပွားရေးလုပ်ငန်းရှင်အချို့၊ ဒေသခံစစ်တပ်အချို့နှင့် ဒေသဆိုင်ရာ အာဏာပိုင်အချို့သည် လယ်သမားများကို စပါးပေးဖြင့် ငွေထုတ်ချေးပြီး ထွက်ရှိလာသော စပါးများကို မတန်တဆ စျေးနှိမ်ဝယ်ခြင်းမျိုး၊ စပါးပေး ပြန်လည် မပေးသွင်းနိုင်ပါက လယ်မြေ အဓမ္မသိမ်းယူခြင်းမျိုး ကြုံတွေ့ခဲ့ဖူးသဖြင့် အတိုးနှုန်း သက်သာစွာဖြင့် ငွေထုတ်ချေးသည့်တိုင် ရဲဝံ့စွာ လာရောက် မယူရဲကြကြောင်း ဘိုကလေး-ဖျာပုံ ကားလမ်းဘေးရှိ သကံကျေးရွာအုပ်စုမှ လယ်သမားများက ပြောသည်။
 
ထူးထရေးဒင်း ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ တဦးက “စီးပွားရေးသမားတွေကတော့ နိုင်ငံတော်က ခိုင်းတဲ့အတိုင်း လုပ်ရတာပါ။ လယ်သမားတွေဆီကတော့ ဘာအကျိုးအမြတ်မှ မမျှော်လင့်ပါဘူး။ လယ်သမားတွေကတော့ ပထမ မယုံရဲကြဘူး။ ဒီအတိုး ၂ ကျပ်နှုန်း ဆိုတာလည်း ဘာမှ မက်လောက်စရာ မဟုတ်ပါဘူး” ဟု ဆိုသည်။
 
စပါးအထူးပြု ကုမ္ပဏီများအနေဖြင့် မိမိတာဝန်ရှိထားသော ဒေသမှ ထွက်ရှိလာသော စပါးနှင့် စားသုံးမှုနှုန်း နှိုင်းယှဉ်ချက် ပိုလျှံပါက ပြည်ပသို့ ဆန်တင်ပို့ခွင့် ပြုသွားမည်ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းရပ်ကွက်အရ သိရသည်။
 
“အဓိကကတော့ လူကြီးခိုင်းလို့ လုပ်ရတာပါ။ လယ်သမားတွေဆီက အမြတ်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ အဓိကကတော့ ဆန် Exportလွတ်လွတ်လပ်လပ် လုပ်ခွင့်ရလာမယ်။ ဒီနိုင်ငံမှာတော့ ထုံးစံအတိုင်း တခြားနည်းနဲ့ အခွင့်အရေးတွေ ပြန်ပေးလေ့ရှိတယ်။ နောက်ပြီး ဒီဒေသတွေမှာ ဒီလုပ်ငန်းရှင်တွေက လူထုရဲ့ ထောက်ခံမှုတွေကိုလည်း ရလာနိုင်တယ်။ အဲဒါကလည်း ၂၀၁၀ အတွက် ကြိုတင်ပြင်ဆင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟုUMFCCI အမှုဆောင်အဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်သည်။
 
ယခုဘဏ္ဍာနှစ် (၃၀ ရက်၊ ဧပြီလ ၂၀၀၉ ခုနှစ် မှ ၁ ရက်၊ မတ်လ ၂၀၁၀ ခုနှစ်) တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် တသန်းခွဲအထိ တင်ပို့သွားနိုင်ရန် လျာထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း သတင်းရပ်ကွက်အရ သိရသည်။
 
ပြီးခဲ့သည့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၆၅၈ ၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်ဟုလည်း တာဝန်ရှိသူတဦးက ပြောသည်။
 
ပြည်ပသို့ ဆန်တင်ပို့သည့် ဆန်အရည်အသွေးမှာမူ ယခင်တင်ပို့နေကျ ၂၅ မှတ်ဆန် (ဆန်အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ပါဝင်သည့်ဆန်) များသာဖြစ်ပြီး တတန်လျှင် အမေရိကန်ဒေါ်လာ ၃၂၀ ဝန်းကျင် ရရှိသည်။ မြန်မာ့ဆန်တင်ပို့်မှု၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အာဖရိကနိုင်ငံများ ဖြစ်သည်။

Most read this week