နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးအာဇာနည် ခေါင်းဆောင်ကြီးများကို ချီတက်အလေးပြုရန် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ကြသူများကို အာဏာပိုင်များက သွားရောက်ခွင့်မပြုဘဲ တနင်္ဂနွေနေ့က နှင်ထုတ်ခဲ့သည်။
အန်အယ်ဒီ အဖွဲ့ဝင်များနှင့် အာဇာနည်ကြီးများကို လေးစားကြည်ညိုသူ ပြည်သူများက အာဇာနည်ဗိမာန်သို့ တနင်္ဂနွေနေ့က သွားရောက်ခဲ့ကြရာ ယင်းတို့ကို အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်လာ၍ဟုဆိုကာ အာဏာပိုင်များက သွားရောက်ခွင့်မပြုဘဲ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်သွားကြသော သူတို့၏ ပါတီဝင်အများအပြားကို အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ခွင့်မပြုဘဲ အာဏာပိုင်များက အပေါက်ဝမှ မောင်းထုတ်ခဲ့ကြသည်ဟု အန်အယ်ဒီ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အန်အယ်ဒီ ပါတီက ကျဆုံးအာဇာနည်ကြီးများကို အောက်မေ့သတိရ ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် အန်အယ်ဒီ ပါတီဝင်များ၊ ပါတီဝင်ဟောင်း ဒေါ်နော်အုန်းလှ အပါအဝင် အာဇာနည်ကြီးများကို လေးစားသတိရသူများက အာဇာနည်ကြီးများကို အလေးပြုရန်နှင့် လွမ်းသူ့ပန်းခွေချရန် အာဇာနည်ဗိမာန်သို့ ချီတက်ခဲ့ကြသည်။ သို့သော် သူတို့ အများစုကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်လာ၍ဟုဆိုကာ အာဏာပိုင်များက ဝင်ရောက်ခွင့်မပြုဘဲ မောင်းထုတ်ခဲ့ကြသည်။
''တခြားအဝတ်အစားတွေ ဝတ်သွားတဲ့ သူတွေကိုတော့ သူတို့ ဝင်ခွင့်ပြုခဲ့ပါတယ်။ အာဇာနည်ဗိမာန်ထဲ ဝင်ရောက်ဂါရဝပြုခွင့် ပေးခဲ့ပါတယ်'' ဟု သူက ပြောသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပသော အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ရာပေါင်းများစွာသော ပါတီဝင်များ၊ အာဇာနည်ကြီးများကို လေးစားကြည်ညိုသူများ၊ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနား ကျင်းပရာနေရာတွင် အာဏာပိုင်များက လုံခြံုရေးတင်းကျပ်စွာ ချထားပြီး အခမ်းအနားကျင်းပသည်ကို အနီးကပ် စောင့်ကြည့်အကဲခတ်နေခဲ့သည်။
အခမ်းအနားကျင်းပရာ အန်အယ်ဒီရုံး အနီးတဝိုက်တွင် အရပ်ဝတ်အရာရှိများ၊ စစ်အစိုးရကို ထောက်ခံအားပေးသော အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ မြင်မြင်ထင်ထင်ပင် သွားလာလှုပ်ရှားနေကြသည်ကို တွေ့ရသည်ဟု ဦးအုန်းကြိုင်က ပြောသည်။
အဆိုပါ အထိမ်းအမှတ် အခမ်းအနားတွင် နံနက်ပိုင်း၌ သံဃာတော်များကို အရုဏ်ဆွမ်းကပ်လှူခြင်း၊ နေ့ခင်းတွင် အာဇာနည်နေ့ အခမ်းအနားကျင်းပခြင်းတို့ ပြုလုပ်ပြီးနောက် မွန်းလွဲပိုင်းတွင် ကျဆုံးလွတ်လပ်ရေး သူရဲကောင်း အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသည့် အခမ်းအနား အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။
တချိန်တည်းတွင် အစိုးရကလည်း တရားဝင် အထိမ်းအမှတ် အခမ်းအနားများကို အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကျဆုံးအာဇာနည်ကြီးများ၏ မိသားစုများ၊ အာဇာနည်ကြီးများအတွက် ကိုယ်စားလှယ်များနှင့်အတူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လွမ်းသူ့ပန်းခွေချခဲ့သည်။
လက်ရှိ အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်နှင့် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီများထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ လအနည်းငယ်အလိုတွင် အခြားဝန်ကြီးအဖွဲ့ဝင် ရ ဦး၊ သက်တော်စောင့်တဦးတို့နှင့်အတူ ၎င်း၏ နိုင်ငံရေး ပြိုင်ဘက် ဂဠုန်ဦးစော၏ လက်ချက်ဖြင့် လုပ်ကြံခံရပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသည်။
ဗြိတိသျှကိုလိုနီများထံမှ လွတ်လပ်ရေးရရှိအောင် တိုက်ယူခဲ့ကြသော ကျဆုံးသူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် အာဇာနည်နေ့အဖြစ် အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ကာ ဂုဏ်ပြုကျင်းပလာခဲ့ကြသည်။ ထိုနေ့တွင် ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် အစိုးရက အထူးအစီအစဉ်များ ထုတ်လွှင့်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့ကြသည်။
သို့သော် လက်ရှိ စစ်ခေါင်းဆောင်များ အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ်မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများထုတ်လွှင့်ခြင်း အပါအဝင် ထိုသို့ဂုဏ်ပြုအစီအစဉ်များကို အစိုးရပို်င်ရေဒီယို ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခြင်းနှင့် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူခြင်းတို့ကို မပြုလုပ်တော့ဘဲ ရပ်ဆိုင်းထားခဲ့ကြသည်။
ဤသို့ အောက်မေ့သတိရဂုဏ်ပြုခြင်း အခမ်းအနားများ လူထုကြားတွင် ကျဆင်းလာသည်နှင့်အမျှ ယနေ့သည် အာဇာနည်နေ့ဖြစ်သည်ဆိုသည်ကိုပင် လူများက အမှတ်မရကြတော့သည့် လက္ခဏာများ တွေ့နေရသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူတဦးက ပြောသည်။
''ခင်ဗျား ဖုံးခေါ်မှပဲ ဒီနေ့ အာဇာနည်နေ့ဆိုတာ ကျနော် သတိရတော့တယ်'' ဟု အဆိုပါမြို့ခံက တနင်္ဂနွေနေ့က မဇ္ဈိမကို ပြောသည်။
သို့သော် ဦးအုန်းကြိုင်ကမူ ''ကျနော်တို့ ရုံးအပြင်ဘက်ထွက်ပြီး အာဇာနည်ဗိမာန်ဘက်ကို မျက်နှာမူ အလေးပြုကြတော့ ဖြတ်သွားတဲ့လူထုကလည်း နေရာမှာတင်ရပ်ပြီး ကျနော်တို့နဲ့အတူ အလေးပြုကြတယ်'' ဟုဆိုကာ အာဇာနည်နေ့၏ အနှစ်သာရသည် လူထု၏ အသဲနှလုံးထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြောသည်။
ဗြိတိသျှကိုလိုနီနယ်ချဲ့နှင့် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုများ၏ ယုံကြည်မှုကို အရယူနိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာအဖြစ် လူသိများထင်ရှားသည်။
အထူးသဖြင့် ရှမ်းပြည်နယ် ပင်လုံမြို့တွင် သမိုင်းဝင် ပင်လုံညီလာခံကြီး ကျင်းပခဲ့သူအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သိရှိကြသည်။ ထိုညီလာခံကြီးသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးသဖြင့် ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် သဘောတူညီမှု ရခဲ့ကြသည်။
အချိန်မတိုင်မ်ီ စောစီးစွာ သူ ကျဆုံးခဲ့ရသည့်အတွက် တိုင်းရင်းသား ခေါင်းဆောင်များအကြားတွင် ပြည်ထောင်စုအပေါ် ယုံကြည်မှုကင်းမဲ့ကာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ နောက်တက်လာသော ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် တိုင်းရင်းသား ခေါင်းဆောင်များက ထိုသို့ယုံကြည်မှု လျော့နည်းခဲ့ကြခြင်း ဖြစ်သည်။