ဒေါ်စုနှင့် ရှေ့နေများ တွေ့ခွင့်ရ၊ အပြီးသတ် လျှောက်လဲချက်အတွက် ပြင်ဆင်

ဒေါ်စုနှင့် ရှေ့နေများ တွေ့ခွင့်ရ၊ အပြီးသတ် လျှောက်လဲချက်အတွက် ပြင်ဆင်
by -
ဖနိဒါ
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အကျိုးဆောင် ရှေ့နေများသည် အမှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင် အတွင်း၌ ယနေ့ တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့ ...

 
ချင်းမိုင်(မဇ္ဈိမ) ။     ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အကျိုးဆောင် ရှေ့နေများသည် အမှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင် အတွင်း၌ ယနေ့ တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများဖြစ်ကြသော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဇူလိုင်လ ၂၄ ရက်တွင် ပြုလုပ်မည့် အပြီးသတ် လျှောက်လဲချက်ကိစ္စနှင့်ပတ်သက်၍ ၂ နာရီကြာ ဆွေးနွေးကြခြင်း ဖြစ်သည်။
 
“ဒီနေ့ကတော့ သီးသန့်လျှောက်လဲချက် ဒုတိယ မူကြမ်းကို ဆွေးနွေးကြတယ်။ ပြင်သင့်တာ ပြင်ရအောင်ဆိုပြီး အဓိက ဆွေးနွေးကြတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမသို့ပြောသည်။
 
ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားချက်များအပေါ် ခုခံချေပသွားရန်အတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံး လျှောက်လဲချက် ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
 
လုံခြံုရေးအားနည်းခြင်းကြောင့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအနေဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာ ခြင်းဖြစ်သော်လည်း တာဝန်ရှိ လုံခြံုရေးများအား အရေးမယူပေးခြင်းသည် တရားမျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြင်ကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိ၏ ကျန်းမာရေး ကောင်းမွန်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
 
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်၏ သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးအား ယခုလ ၁ဝရက်နေ့က  မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သည်။
 
ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်း မပြုနိုင် ကြောင်း ခုခံချေပခဲ့သည်ကို တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အဆိုပါ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြောဆိုခဲ့သည်။
မစ္စတာ ယက်တောက နေအိမ်ခြံဝင်းအတွင်း ခိုးဝင်လာသည်ကို ဧည့်ခံသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျစဉ် စည်းကမ်းချိုးဖောက်မှုဖြင့် ရဲက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်။ ပြစ်မှုထင်ရှားလျှင် ထောင်ငါးနှစ်ကျခံရမှာဖြစ်သည်။
 
ဝေဖန်သူများက စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းထပ်တိုး၍ မရတော့သည့်အချိန်တွင် ဆက်လက်ချုပ်နှောင်ထားနိုင်ရေး နည်းလမ်းရှာဖွေခြင်းသာဖြစ်သည်ဟု ဆိုသည်။
 
စစ်အစိုးရကတော့ တောက်လျောက် နေအိမ်အကျယ်ချုပ်သက်တမ်းမှာ မပြည့်သေးဘဲ ၄ နှစ်ခွဲသာ ရှိခဲ့သဖြင့် ထပ်မံချုပ်နှောင်၍ ရသည်ဟု ပြန်လည်ပြောဆိုခဲ့သည်။ သို့သော် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရဲ၏ ရေတွက်ပုံကို ပယ်ချထားသည်။

Most read this week