ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေများနှင့် ထပ်မံ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေများနှင့် ထပ်မံ တွေ့ဆုံမည်
by -
မြင့်မောင်
နောက်ဆုံး လျှောက်လဲချက်ကိစ္စ ဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမှု အကျိုးဆောင် ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံခွင့်ရကြောင်း သိရ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ နောက်ဆုံး လျှောက်လဲချက်ကိစ္စ ဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမှု အကျိုးဆောင် ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံခွင့်ရကြောင်း သိရသည်။
 
အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ၍ ပြုလုပ်ရန် အာဏာပိုင်များနှင့် ညှိနှိုင်းသည့်အခါ ခွင့်ပြုချက် ရရှိကြောင်း သူမ၏ အမှုအတွက် အကျိုးဆောင်ပေးနေသည့် ရှေ့နေများအဖွဲ့မှ ရှေ့နေတဦးလည်းဖြစ်၊ အန်အယ်ဒီပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည့် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။
 
''ကျနော်တို့ သောကြာနေ့မှာ အစည်းအဝေးလုပ်မယ်ဆိုတာ အတည်ပြုနိုင်ပေမယ့်၊ အခုထက်ထိတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်းပါပဲ'' ဟု သူက မဇ္စျိမကို ပြောသည်။
 
ယခုနှစ် မေလဆန်းက အမေရိကန်နိုင်ငံသား တဦးသည် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရသည့် နေအိမ်အတွင်း အင်းယားကန်ထဲမှ ရေကူးဝင်ရောက်ခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ သူမကို တရားစွဲဆိုလာခြင်း ဖြစ်သည်။
 
အင်းစိန်ထောင်တွင်း အထူးတရားရုံးက နှစ်ဖက်ရှေ့နေများကို နောက်ဆုံး လျှောက်လဲချက်ပေးရန် ယခုလ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။ ထိုနေ့တွင် နောက်ဆုံး လျှောက်လဲချက်ကို ကြားနာကာ တရားရုံးက ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း မျှော်လင့်ရသည်။
 
ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များအပေါ် ခုခံချေပသွားရန်အတွက် စာမျက်နှာပေါင်း ၂ဝ ပါဝင်သည့် နောက်ဆုံး လျှောက်လဲချက်တခု ၎င်းတို့ ရှေ့နေများအဖွဲ့က ပြင်ဆင်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
 
''ဒါက ဒုတိယအကြိမ်မြောက် နောက်ဆုံး လျှောက်လဲချက် မူကြမ်းပါ။ ဒါကို ဒေါ်စုကို ပြပါမယ်။ သူက ပြင်ဖို့လိုအပ်တာ တွေ့တယ်ဆိုရင် ကျနော်တို့က ပြုပြင်သွားမှာ ဖြစ်ပါတယ်'' ဟု သူက ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြရန်နှင့် စွပ်စွဲချက်ကို ငြင်းပယ်မည့် အဆိုပါ လျှောက်လဲချက်တွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကို အသေးစိတ် ပြောဆိုရန် သူက ငြင်းဆိုသည်။
 
အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ထက်မနည်း နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။
 
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများအား မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခြင်း မရှိပါက စစ်အစိုးရ အဆိုပြုထားသည့် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှု ဆိတ်သုဉ်းနေလိမ့်မည်ဟု နယူးယောက်တွင် မကြာသေးခင်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
 
မစ္စတာဘန်သည် ယခုလ အစောပိုင်းက မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်ခဲ့သည့်အပေါ် အကြီးအကျယ် စိတ်ပျက်မိကြောင်း ကုလ လုံခြံုရေးကောင်စီတွင် ယခုတပတ် တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။
 
မစ္စတာဘန်၏ ရှင်းလင်းပြောဆိုချက်အပြီး ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက မြန်မာစစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကြေညာချက် ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ သို့သော်လည်း လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသား မည်ရွေ့မည်မျှ ပါဝင်မည်နှင့် ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်လားဆိုသည်ကို ဖော်ပြပြောဆိုသွားခြင်း မရှိခဲ့ပါ။
 
သို့သော် အန်အယ်ဒီ ခေါင်းဆောင်များကမူ စစ်အစိုးရ၏ ကြေညာချက်အပေါ် အယုံအကြည် ကင်းမဲ့ကြောင်းနှင့် ဤသည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရှောင်လွှဲနိုင်ရန်အတွက် တခြားသော ပရိယာယ်တခု ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
 
''ဒီကြေညာချက်အပေါ် ကျနော်တို့အနေနဲ့ အများကြီး မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (အာဏာပိုင်များ) က အစောပိုင်းတုန်းက အကျဉ်းသား ၉ ထောင်ကျော် လွှတ်ခဲ့တဲ့အခါ နိုင်ငံရေး အကျဉ်းသားက ၃ဝ လောက်ပဲ ပါခဲ့တယ်။ ဒါကြောင့်လည်း ဒီတခေါက်မှာ အဲဒီလိုမျိုး ဖြစ်ကောင်းဖြစ်မှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

Most read this week