မန္တလေး အတွက် တရုတ်နိုင်ငံမှ လျှပ်စစ်ဝယ်

မန္တလေး အတွက် တရုတ်နိုင်ငံမှ လျှပ်စစ်ဝယ်
by -
မေကျော်
လျှပ်စစ် လိုအပ်ချက် များနေသော မန္တလေးမြို့တော် လျှပ်စစ်မီး တိုးမြှင့်ပေးရေး အတွက် တရုတ်နိုင်ငံ ရွှေလီမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ဝယ်ယူလိုက်သည်။ ...

 
ချင်းမိုင် (မဇ္ဈိမ)။     ။ လျှပ်စစ် လိုအပ်ချက် များနေသော မန္တလေးမြို့တော် လျှပ်စစ်မီး တိုးမြှင့်ပေးရေး အတွက် တရုတ်နိုင်ငံ ရွှေလီမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ဝယ်ယူလိုက်သည်။
 
“လျှပ်စစ်က ဝယ်ပြီးပြီလို့ ပြောပါတယ်။ ဘယ်နေ့ရမယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။ မန္တလေးတိုင်း လျှပ်စစ်ဌာန တိုင်းဦးစီးမှုး ဒေါ်အေးအေးမင်းက တော့ အဲလိုပြောပါတယ်။ ”ဟု မန္တလေး စက်မှုဇုန် တာဝန်ရှိသူတဦးက ပြောသည်။
 
ယင်းလျှပ်စစ် ဓာတ်အားကို လျှပ်စစ် အလုံအလောက် မရသည့် မန္တလေး စက်မှုဇုန် အပါအဝင် မန္တလေး မြို့တော်ကိုပါ ဖြန့်ဝေပေးမည် ဖြစ်သည်။
 
တရုတ် နိုင်ငံ ရွှေလီမှ လျှပ်စစ် ဝယ်ယူပြီးပါက လက်ရှိ တရက် ၅ နာရီ လျှပ်စစ် ရနေသည့် မန္တလေး စက်မှုဇုန်ကို ၁၀ နာရီခန့် တိုးပေးနိုင်မည်ဟုလည်း အာဏာပိုင်များက ပြောကြားသည်။
 
လျှပ်စစ် သုံးစွဲအား ၄၀ မဂ္ဂါဝပ် ရှိနေသော မန္တလေး စက်မှုဇုန်တွင် လက်ရှိ လျှပ်စစ် ၂၀ မဂ္ဂါဝပ်သာ လျပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဖြန့်ဝေပေးနိုင်သည်။
 
မန္တလေး စက်မှုဇုန်က တိုးမြှင့် ရရှိလာမည့် လျှပ်စစ် ဓာတ်အား အတွက် ကျပ်သိန်း ၃၀၀၀ ခန့် ကုန်ကျမည့် ကိုယ်ထူကိုယ်ထ လျှပ်စစ် ဓာတ်အားလိုင်း တခု ဆောက်လုပ်ရန် စီစဉ်နေပြီ ဖြစ်သည်။
 
စိန်ပန်းစက်မှုလုပ်ငန်း ရပ်ကွက်ကို ပြောင်းလဲလိုက်သည့် မန္တလေး စက်မှုဇုန် တည်ထောင်ပြီး ၁၀ နှစ် အတွင်း ပထမ ၃ နှစ်သာ လျှပ်စစ်မီး ပုံမှန် ရရှိပြီး နောက်ပိုင်းနှစ်များတွင် တရက် ၅ နာရီသာ ရရှိသည်။
 
“လျပ်စစ်မီး ရတဲ့ အနေအထားကတော့ မနက် ရ နာရီကနေ နေ့လည် ၁၂ နာရီကို တဖွဲ့ ပေးတယ်။ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီကို တဖွဲ့ ပေးတယ်”ဟု ယင်းစက်မှုဇုန်ီ ဥက္ကဌ ဦးမြင့်ဆွေက ပြောကြားသည်။
 
လက်ရှိ စက်မှုဇုန်တွင် လျှပ်စစ် တယူနစ် ၅၀ ကျပ် ကျသင့်နေသော်လည်း တရုတ်မှ လျှပ်စစ်ဖြန့်ပါက ကျသင့်မည့် မီတာခကိုမူ မသတ်မှတ်သေးကြောင်း စက်မှုဇုန်မှ စုံစမ်းသိရသည်။
 
စစ်အစိုးရက မြန်မာနိုင်ငံ အတွင်းရေအားလျှပ်စစ် စီမံကိန်း ၁၀ ခုကို တရုတ်တို့ကို ရင်းနှီးမြှုပ်နှံ ထုတ်လုပ်ခွင့်ပေးခဲ့ပြီး ယခု ပထမဆုံး အကြိမ်အဖြစ် တရုတ်ထံမှ လျှပ်စစ် ဓာတ်အား ပြန်လည် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
 
၂၀၀၉ ခုနှစ်တွင် ၂၄ နာရီအပြည့် မီးလာမည်ဟု စစ်အစိုးရက ပြောကြားခဲ့သော်လည်း ရုံးစိုက်ရာ နေပြည်တော်မှအပ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများမှာ လျှပ်စစ်မီး ပြတ်တောက်မှု အလွန် များပြားနေဆဲ ဖြစ်သည်။
 
မီးလာချိန် တိုးမြင့်လာသော လက်ရှိ ကာလတွင်ပင် မြို့တော်ဟောင်း ရန်ကုန်တွင် အနိမ့်ဆုံး ၆ နာရီကြာ မီးပြတ်ပြီး မီးစက်သံများ တညံညံ၊ မီးခိုးတလူလူနှင့် နေထိုင်ရခြင်း ဖြစ်သည်။

Most read this week