ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်နယ်နှင့် တိုင်းများမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များအတွက် ပညာပေး အစီအစဉ်အဖြစ် ဥပဒေရေးရာ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။
ဆွေးနွေးပွဲကို ဥပဒေ ပညာရှင် ဦးသိန်းညွန့်က ဦးဆောင်ဆွေးနွေးပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ရခိုင်၊ ကချင်၊ တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ် - ၈ ခုမှ လူငယ် ၂၇ ဦး တက်ရောက်နေခြင်းဖြစ်သည်။
လူငယ်ပညာပေး အစီအစဉ် ဥပဒေရေးရာ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ပါတီရုံးချုပ်တွင် ယနေ့ စတင် ကျင်းပစဉ်
“အဓိကအားဖြင့် အခြေခံ ဥပဒေတွေရော ပြည်ထဲရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေရော လူငယ်တွေ နားလည်အောင် လေ့လာပြီးတော့ သူတို့ရဲ့ စည်းရုံးရေးလုပ်ငန်း၊ သူတို့ရဲ့ ဘဝမှာ အသုံးဝင်ဖို့ပါပဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ဥပဒေ အားကောင်းလာဖို့ ခြေလှမ်းတလှမ်း စထားလိုက်တာပဲ” ဟု အန်အယ်ဒီ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။
ဆွေးနွေးပွဲကို ဇူလိုင်လ ၁၅၊ ၁၆ နှင့် ၁၈ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး ၁၇ ရက်နေ့၌ လူငယ်များ လစဉ် အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။
ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဗဟုသုတများသာမက ကုလသမဂ္ဂ လုံခြံုရေးကောင်စီတွင် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်က မကြာသေးမီက ပြောခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနှင့် ပတ်သက်၍လည်း ဥပဒေ သတ်မှတ်ချက်များကို ဆွေးနွေးခဲ့သည်။
ယခု ဆွေးနွေးပွဲကြောင့် လူငယ်များအကြား ဥပဒေအသိပညာ တိုးပွားလာပြီး ဒီမိုကရေစီ သဘော သဘာဝကို သိရသဖြင့် အကျိုးရှိကြောင်း ဆွေးနွေးပွဲတာဝန်ခံက ပြောသည်။
“ကျနော်တို့ လူငယ်တွေကြားထဲမှာ ဥပဒေ အသိပညာတွေ တိုးပွားလာဖို့၊ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းတဲ့ လူငယ်ထုတွေဟာ ဒီမိုကရေစီ အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပြီးသား ဖြစ်နိုင်အောင်၊ အခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို သိရတယ်။ မပြည့်စုံရင်တောင် ကျနော်တို့ လူငယ်တွေအတွက် အများကြီး အကျိုးရှိတယ်” ဟု ဆွေးနွေးပွဲတာဝန်ခံ ကိုမြင့်ငွေက မဇ္စျိမကို ပြောသည်။
ယခု ပြုလုပ်သည့် ဥပဒေရေးရာ ဆွေးနွေးပွဲသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းနှင့် မူဝါဒဆိုင်ရာ ဥပဒေ သင်တန်းများ ပြုလုပ်ခဲ့သေးသည်။
မနက်ဖြန်တွင် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုကြောင့် ဂဠုန်ဦးစောတို့အား ပြစ်ဒဏ်ပေးခဲ့သည့် ဥပဒေများကို ဆွေးနွေးသွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။
Published
Wednesday, July 15, 2009 - 20:29
ပါတီဝင် လူငယ်များအတွက် ဥပဒေရေးရာ ဆွေးနွေးပွဲ အန်အယ်ဒီ ကျင်းပ
ပြည်နယ်နှင့် တိုင်းများမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များအတွက် ပညာပေး အစီအစဉ်အဖြစ် ဥပဒေရေးရာ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသွားမည် ...