စစ်တွေတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

စစ်တွေတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
by -
ငြိမ်းချမ်း
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စိတ်ကြွဆေးပြား အများအပြားကို မူးယစ် အထူးတပ်ဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မျက်မြင်သက်သေများက ပြော ...

 
ဒါကာ (မဇ္ဈိမ) ။     ။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စိတ်ကြွဆေးပြား အများအပြားကို မူးယစ် အထူးတပ်ဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
 
စစ်တွေမြို့ မင်ဂံရပ်ကွက်ရှိ အဝေးပြေးကားဂိတ်တွင် ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ကုန်ကားပေါ်၌ ဝေဖါ မုန့်ပုံးအတွင်း ထည့်သွင်းထားသည့် စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခြင်းဖြစ်သည်။ သို့သော် ကားမောင်းသူမှာမူ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။
 
“ဖမ်းတာက စစ်တွေကားဂိတ်မှာ ဖမ်းတာပါ။ သတင်းရလို့ ဝင်ဖမ်းတာ ဖြစ်နိုင်တယ်။ သူတို့က သေသေချာချာ ထည့်ထားတာ။ မုန့်ပုံးတခုထဲက ပါကင် ၅ ထုပ်ကို ရသွားတာ” ဟု မျက်မြင်တဦးဖြစ်သည့် စစ်တွေ အဝေးပြေးကားဂိတ်မှ အလုပ်သမားတဦးက မဇ္ဈိမကို ပြောပြသည်။
 
ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ ပလုတ်တောင် ရဲစခန်းသို့ ဆက်သွယ်ကြည့်သော် ယခုအချိန်ထိ ဆက်သွယ်၍ မရဘဲ ဖြစ်နေသည်။
 
ဘင်္ဂလား-မြန်မာနယ်စပ်သည် မူးယစ်ဆေး ကူးသန်းရောင်းဝယ်ရေးရာ လမ်းကြောင်းတခု ဖြစ်လာနေသည်။
ယခုလ ၄ ရက်နှင့် ရ ရက်နေ့များတွင် ဘင်္ဂလား-မြန်မာနယ်စပ်မြို့ တက္ကနာနှင့် ကော့စ်ဘဇာမြို့သို့ သွားရောက်ရာ ကားလမ်းပေါ်ရှိ နယ်စပ် လုံခြံုရေးတပ်BDR စစ်ဆေးရေး ဂိတ်များက တကြိမ်လျှင် တကီလိုခန့် ဝင်ဆန့်သည့် ဘိန်းထုပ်တထုပ်စီကို မော်တော်ကားများပေါ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သေးသည်။
 
မြန်မာထွက် ဘိန်းဖြူများသည် ဘင်္ဂလားကို ကြားခံအဖြစ် သုံးစွဲကာ နိုင်ငံတကာ စျေးကွက်သို့ တင်ပို့နေသည်ဟု မူးယစ်တိုက်ဖျက်ရေးဌာန အကြီးအကဲတဦး၏ ပြောဆိုချက်ကို ကိုးကားပြီး  ဘင်္ဂလားဒေ့ရှ် နေ့စဉ်ထုတ် The Independent သတင်းစာက ယခုလ ပထမပတ်တွင် ရေးသားဖော်ပြခဲ့သည်။
 
ဘိန်းဖြူ တကီလိုဂရမ်ကို မြန်မာငွေ သိန်း ၈၀ မှ ၁၀၀ အထိ ပေါက်စျေးရှိပြီး၊ ဘင်္ဂလားဒေ့ရှ်တွင် ကျပ် သိန်း ၁၂၀ (တာကာငွေ ၈ သိန်း) စျေးရှိနေသည်။
 
စိတ်ကြွဆေးပြားများမှာမူ မောင်တောတွင် တပြားလျှင် ၃၂၀၀ ကျပ် စျေးပေါက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း တက္ကနာတွင် တပြားလျှင် တာကာ ၂၅၀ မှ ၃၀၀ (ကျပ်ငွေအားဖြင့် ၃၇၅၀ မှ ၄၅၀၀) ကြား ပေါက်စျေးရှိသည်။

Most read this week