နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များအနေဖြင့် စာမူကြမ်းကို စီဒီချပ်အတွင်း ထည့်သွင်းကာ တင်ပြရမည်ဟု စာပေစိစစ်ရေးဌာနက ယခုအခါ ညွှန်ကြားထားကြောင်း စုံစမ်း သိရှိရသည်။
ယခင်က စက္ကူများဖြင့်သာ တင်ပြရသော်လည်း ယခုအခါ PDF ဖိုင်အသွင်ပြောင်းကာ စီဒီအတွင်း ထည့်သွင်း တင်ပြရမည့် စည်းကမ်းသစ်ကို မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးက ယခုလ ၉ ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ်တိုက်များ အဆိုအရ သိရခြင်း ဖြစ်သည်။
“စီဒီနဲ့ စာမူကြမ်း (စီဒီနှင့်အတူ ပူးတွဲတင်ပြနေရသေးသည့် စာရွက်ဖြင့် စာမူကြမ်း) တွဲတင်ရတာ တလလောက်ရှိပြီ။ ဂျာနယ်တိုက်တွေ အားလုံး အဲဒါကို စနေကြပြီလေ။ သြဂုတ်လ ရောက်ရင်တော့ စာရွက်မလိုတော့ဘူးတဲ့” ဟု အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာ တဦးက မဇ္စျိမကို ပြောသည်။
စာမူကို PDF အသွင်းပြောင်းကာ စီဒီချပ်အတွင်း ထည့်သွင်း၍ တင်ပြရမည့် စည်းကမ်းချက်အပြင် အခြားသော လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်ကိုပါ တပေါင်းထဲ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ဖိုင်ထဲတွင် ဂျာနယ်အဖုံး၊ စာမျက်နှာများ အစီအစဉ်အလိုက် ပါဝင်ရမည်ဖြစ်ပြီး၊ အသုံးပြုသည့် Font စာလုံးအရွယ်အစားများနှင့် ဂျာနယ်အပိုင်း (က)၊ အပိုင်း (ခ) ဟူ၍ ဖိုင်နှစ်ဖိုင် ခွဲကာ တင်ပြရမည့် စည်းကမ်းလည်း ပါရှိသည်။ ထို့နောက် နောက်ဆက်တွဲ သီးခြားတင်ပြရန် လိုအပ်သည့် စာမျက်နှာများကို Memory Stick ဖြင့် တင်ပြရန်လည်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
မူကြမ်းများကို စာပေစိစစ်ရေးသို့ ထိုကဲ့သို့ တင်ပြရာတွင် အပြီးသတ် နောက်ဆုံး စာမူအဆင့်အထိ ရောက်ရှိရန်အတွက် စီဒီဖြင့် စုစုပေါင်း ၃ ကြိမ် တင်ပြရကြောင်း ဂျာနယ်တိုက်မှ အယ်ဒီတာက ပြောသည်။
ယခုလို ညွှန်ကြားချက် စည်းကမ်းသစ်အရ ယခင်က A4 နှင့် A3 အရွယ်ရှိ စက္ကူဖြင့် ပုံနှိပ်ထုတ်၊ မိတ္တုကူး တင်ပြရသည့် ကုန်ကျစရိတ်နှင့်စာလျှင် ကျပ်ငွေ ၄ သောင်းကျော် သက်သာလာမည်ဟု ဂျာနယ်တိုက်အချို့က ခန့်မှန်းပြောဆိုကြသည်။
ယခင်က စက္ကူပေါ်တွင် ဖော်ပြရာ၌ မှုန်ဝါးသည့် ဓာတ်ပုံများကို ယခုအခါ စီဒီဖြင့် တင်ပြရသည့်အတွက် ပုံရိပ်များ ထင်ရှားလာမည်ဖြစ်သောကြောင့် အမြင်တိမ်းစောင်းမှု ကင်းရှင်းသွားနိုင်သည်ဟု ဆိုကြသည်။
သို့သော် စာမူကြမ်းများကို စီဒီအသွင်ဖြင့် စတင်ပြောင်းလဲ လုပ်ကိုင်နေသော်လည်း စာပေစိစစ်ရေးသည် ကွန်ပြူတာ အသုံးပြုရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေသည့်အတွက် ယခင်ကလိုပင် စာမူကြမ်းကို ၂ ရက် အချိန်ယူ စစ်ဆေးနေရဆဲဖြစ်ကြောင်း သိရသည်။
“စိစစ်ရေးက စာမူကြမ်း (စာရွက်ဖြင့်) ကို လွှတ်လို့ မရသေးဘူး။ စာမူကြမ်းကြည့်လိုက်၊ စီဒီကြည့်လိုက်နဲ့။ အချိန်က အရင်ကလိုပဲ မပြောင်းလဲသေးပါဘူး။ မူကြမ်းကိုင်တာ ၂ ရက် ကြာနေတုန်းပါပဲ” ဟု ဂျာနယ်အယ်ဒီတာက ပြောသည်။
ဂျာနယ်မူကြမ်း တင်ပြရေးတွင် ယခုလို စနစ်အသစ် ပြောင်းလဲသည့် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သော်လည်း မဂ္ဂဇင်းတိုက်များကိုမူ သီးခြားညွှန်ကြားထားခြင်း မရှိသေးပါ။
Published
Tuesday, July 14, 2009 - 22:29
ဂျာနယ် စာမူကြမ်းများကို စီဒီဖြင့် တင်ပြရန် စာပေစိစစ်ရေး ညွှန်ကြား
ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များအနေဖြင့် စာမူကြမ်းကို စီဒီချပ်အတွင်း ထည့်သွင်းကာ တင်ပြရမည်ဟု စာပေစိစစ်ရေးဌာနက ယခုအခါ ညွှန်ကြားထားကြောင်း စုံစမ်း သိရှိရ ...