ရန်ကုန် ယူနိုက်တက် သိန်း ၅ ထောင်ကျော် သုံးစွဲခဲ့ဟု ဦးတေဇ ပြော

ရန်ကုန် ယူနိုက်တက် သိန်း ၅ ထောင်ကျော် သုံးစွဲခဲ့ဟု ဦးတေဇ ပြော
မြန်မာနေရှင်လိဂ် ဘောလုံးပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အသင်း ၈ သင်းအနက် ဒုတိယ ဗိုလ်စွဲခဲ့သည့် ရန်ကုန် ယူနိုက်တက်အတွက် ကျပ် သိန်းပေါင်း ၅ ထောင်ကျော် သုံးစွဲခဲ့ကြောင်း အသင်းပိုင်ရှင်၏ အပြောအရ သိရ ...

ရန်ကုန် (မဇ္ဈိမ) ။     ။ မြန်မာနေရှင်လိဂ် ဘောလုံးပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အသင်း ၈ သင်းအနက် ဒုတိယ ဗိုလ်စွဲခဲ့သည့် ရန်ကုန် ယူနိုက်တက်အတွက် ကျပ် သိန်းပေါင်း ၅ ထောင်ကျော် သုံးစွဲခဲ့ကြောင်း အသင်းပိုင်ရှင်၏ အပြောအရ သိရသည်။

နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သူပိုင်ဆိုင်သော ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းနှင့် ပတ်သက်၍ ရန်ကုန်ရှိ အဲယားပုဂံ ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ် ကင်မရွန်း လက်ရွေးစင်ဟောင်း တယောက်နဲ့ ပေကျင်း အိုလံပစ်မှာ ကစားခဲ့တဲ့ ကင်မရွန်း ကစားသမားတဦးကို ခေါ်ဖို့ လောလောဆယ် ညှိနေပါတယ်။ နောက်ပြီး ကိုမျိုးလှိုင်ဝင်းနဲ့ တွဲပြီး နည်းပြလုပ်ဖို့ အရင် ပရီးမီးယားလိဂ် ဝက်စ်ဟမ်း ယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ အေလိုင်စင်အဆင့်ရှိ နည်းပြတဦးကိုလည်း ခေါ်ယူဖို့ ညှိနှိုင်းနေပါတယ်” ဟု ဦးတေဇက ပြောသည်။

ကမ္ဘာ့အဆင့်မှီ ကလပ်အသင်းကြီးများတွင် ကစားနေသော နာမည်ကျော် ဘောလုံးသမား အချို့ကို ဆက်လက် ခေါ်ယူသွားမည်ဟု ဆိုကာ၊ အသင်း၏ စီးပွားရေးအရ ရေရှည် ရပ်တည်နိုင်ရေးအတွက် ငွေကြေး သိန်း ၅ သောင်းအထိ ရင်းနှီးမတည်ပြီး သီးသန့်စီးပွားရေး လုပ်ငန်းတခုကိုလည်း လုပ်ကိုင်သွားမည်ဟု သူက ဆိုသည်။

ဦးတေဇက “ကျနော် စဉ်းစားထားပါတယ်။ အဲဒီက ရတဲ့ အကျိုးအမြတ် အားလုံးကို ဘောလုံးအသင်းအတွက်ပဲ သုံးဖို့ စီးပွားရေး လုပ်ငန်းတခုကို သိန်း ၃-၄-၅ သောင်းလောက် သုံးပြီး လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဘယ်လို စီးပွားရေးလဲ ဆိုတာတော့ ပြောမပြနိုင်တာ ခွင့်လွှတ်ပါ” ဟု ပြောဆိုသွားသည်။

ထို့အပြင် ရန်ကုန် ယူနိုက်တက် အနေနှင့် ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံကာ ရန်ကုန်တိုင်း လှိုင်မြို့နယ် ဘောလုံးကွင်းကို ဘောလုံးသမား နားနေဆောင်များ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်သော ခန်းမများ၊ လေ့ကျင့်ရေး အဆောင်များ ပါဝင်သော အသင်းပိုင် ဘောလုံးကွင်းအဖြစ် တည်ထောင်သွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ ထိပ်သီးကလပ်အသင်း တသင်းဖြစ်သည့် တယ်ရိုဆာဆနာ ဘောလုံးအသင်းဖြင့်လည်း အကျိုးတူ ပူးတွဲလုပ်ဆောင်ရန် သဘောတူထားပြီး၊ ချစ်ကြည်ရေး ဘောလုံးပွဲများလည်း အပြန်အလှန် ကစားသွားမည်ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရန်ကုန် ကွင်းများတွင် ကျင်းပခဲ့သည့် ဘောလုံးပွဲမှာ MNL Cup Grand Royal 2009 ခေါ် မြန်မာနေရှင်နယ်လိဂ်၏ ပထမဆုံးသော ဘောလုံးရာသီ ဖြစ်သည်။

လာမည့် စက်တင်ဘာလမှ ဒီဇင်ဘာလ မတိုင်မီအတွင်း ဒုတိယပွဲစဉ်ကို ကျင်းပရန်ရှိကြောင်း ပြီးခဲ့သည့် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းမှ အသင်းအုပ်ချုပ်ရေးမှူး ဦးစိုးမိုးလှိုင်က မဇ္စျိမကို မကြာသေးခင်က ပြောဆိုခဲ့သည်။

ရတနာပုံ FC ကိုလည်း ကျပ်သိန်းပေါင်း ၅ ထောင်ခန့် အကုန်ကျခံကာ တည်ထောင်ခဲ့ရာ အသင်းမှ ပြန်လည် ရရှိငွေမှာ သိန်း ၆၀၀ ဝန်းကျင်သာရှိသဖြင့် သိန်း ၄ ထောင်ကျော် ရင်းနှီးမြှုပ်နှံထားဆဲ ဖြစ်သည်။

MNL ပွဲစဉ်များအား ဦးစီး ကျင်းပပေးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (Myanmar Football Federation – MFF) က KBZ FC အသင်းကို အသန့်ရှင်းဆုံး အသင်း ဆုဖလား၊ တတိယဆုရရှိသည့် မကွေး FC အသင်းကို ကျပ်သိန်း ၂၀၀၊ ဒုတိယဆုရှင် ရန်ကုန် ယူနိုက်တက်ကို တဦးချင်း ဆုတံဆိပ်နှင့် ကျပ်သိန်း ၃၀၀၊ ပထမဆု ရရှိသည့် ရတနာပုံ FC ကို တဦးချင်း ဆုတံဆိပ်၊ ကျပ်သိန်း ၅၀၀ နှင့် ချန်ပီယံ ဆုဖလားကို ပြီးခဲ့သည့် MNL ဘောလုံးရာသီ ပြိုင်ပွဲတွင် ချီးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါ MNL ပြိုင်ပွဲတွင် တိုင်း ရ တိုင်း ကိုယ်စားပြု အသင်း ရ သင်းနှင့် ပုဂ္ဂလိက အသင်း တသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အသင်းများသည် ပြိုင်ပွဲဝင်ရန် ကစားသမား ၁၈၉ ဦး ခေါ်ယူခဲ့ပြီး၊ ကစားသမားများအတွက် အသင်းပြောင်းရွှေ့ခ လက်မှတ်ထိုးကြေးအဖြစ် စုစုပေါင်း ကျပ်သိန်း ၃၂၁၂ သိန်းအထိ အသုံးပြုခဲ့ကြသည်။ အသင်းအားလုံးရှိ ခေါ်ယူထားသော ကစားသမားများ၏ လစာငွေပေါင်းမှာ တလလျှင် ၈၄၁.၅ သိန်းခန့် ဖြစ်သည်။

လစာ ငွေရရှိနှုန်းမှာ ယခင် အဆင့်မြင့်တန်းမှ ကစားသမားများမှာ တလလျှင် ၁ဝ သိန်းခန့် ရရှိနေပြီး၊ အခြား ကစားသမားများမှာ ရ သိန်း၊ ၅ သိန်း၊ ၃ သိန်းခွဲ စသည်ဖြင့် ရရှိကြသည်။ နိုင်ငံခြားသား ကစားသမားများကိုမူ ဒေါ်လာ ၁၅၀၀၊ ၁၃၀၀ နှင့် ၁၀၀၀ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အသင်း ၁၂ သင်းအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ဘောလုံးအသင်းများ ရေရှည် ရပ်တည်နိုင်ရေးအတွက် MNL အခပေးရုပ်သံလိုင်းကို ထူထောင်သွားရန် စီစဉ်နေကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုခဲ့သည်။

စစ်အစိုးရ၏ ခိုင်းစေမှုဖြင့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့က  ပုဂ္ဂလိက ဘောလုံးကလပ်များ   တည်ထောင်လိုက်ခြင်းသည် ပြည်သူလူထုနှင့် ရင်းနှီး ကျွမ်းဝင်မှုကို ရရှိစေနိုင်သည်ဟု ဆိုကာ အခြားသော စီးပွားရေး လုပ်ငန်းရှင်များကပါ ဘောလုံးအသင်းများ ထူထောင်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Most read this week