မစ္စတာဘန်၏ မြန်မာ့အရေး အစီအစဉ်ကို ဒေါ်စု ထောက်ခံ

မစ္စတာဘန်၏ မြန်မာ့အရေး အစီအစဉ်ကို ဒေါ်စု ထောက်ခံ
by -
ဆလိုင်းပီပီ
မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အဓိက ဆွေးနွေးမည့် အကြောင်းကိစ္စ ၃ ရပ် အပေါ် အထိန်းသိမ်းခံ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အဓိက ဆွေးနွေးမည့် အကြောင်းကိစ္စ ၃ ရပ် အပေါ် အထိန်းသိမ်းခံ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သဘောတူသည်။
 
မြန်မာစစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာနှင့် ပတ်သက်၍ အဖြေရာရန် ဘန်ကီမွန်း၏ အဓိက အစီအစဉ် ၃ ရပ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ခေါင်းငြိှမ့်ပြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ကြာသပတေးနေ့တွင် မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။
 
“ဒီအချက် ၃ ချက်ဟာ ဆွေးနွေးထိုက်တဲ့ အရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
 
နိုင်ငံရေး အကျဉ်းသားများအရေး ဖြေရှင်းရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးရေး ပြန်လည်ဖော်ဆောင်ရန်နှင့် ၂၀၁၀ တွင် ပြုလုပ်ရန် လျာထားသည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု ဖြစ်စေရန်သော စသည်တို့ကို ဆွေးနွေးရန်အတွက် ရည်ရွယ်သည့် မစ္စတာ ဘန်၏ အစီအစဉ်ကို သိရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ယခုလို ပေါ်ထွက်လာခြင်း ဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့် တို့ကို အင်္ဂါနေ့ နေ့လည် ၁ နာရီခန့်က အင်းစိန်ထောင်ရှိ သူမကို ထိန်းသိမ်းထားသည့် နေရာ၌ တွေ့ဆုံခဲ့သည်။
 
“မနက်ဖြန် လုပ်မယ့် တရားရုံး ရက်ချိန်းမှာ သူ့အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ် ရှေ့ဆက်ကြမလဲဆိုတာကို ကျနော်တို့ ဆွေးနွေးကြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
 
ထို့အပြင်၊ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ် ခင်ရီ ပြောသွားသော၊ သူမ၏ နေအိမ်အနီးရှိ အင်းယားကန်ရှိ ဒိုက်ပင်များအား အာဏာပိုင်များက ရှင်းလင်းခြင်းနှင့် မေလဆန်းတွင် မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တောနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိခြင်း၊ ဟူသော အချက်အချို့နှင့် ပတ်သက်ပြီး သူ့အနေဖြင့် သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
 
“ရဲချုပ်ခင်ရီပြောတာက အမှိုက်တွေ ရှင်းပေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ တကယ့် အခြေအနေမှာ အကြိမ်ကြိမ် အခါခါ ပြောရတယ်၊ အချိန်အတော်ကြာမှ၊ ၄-၅-၆ လ ကြာမှ ရှင်းတာတဲ့” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
 
သူက ဆက်ပြီး “ရဲချုပ်ခင်ရီက ဒေါ်စုဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ထည့်ပြောသွားတယ်။ အဲလို ထည့်ပြောသွားတာဟာ လုံးဝ မှားတယ်တဲ့။ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်တုန်းကမှ သူ့ကို လာပြီး မပြောဖူးဘူးတဲ့။ ယက်တော ၂ဝဝ၈ ခုနှစ်မှာ လာတုန်းက အစီရင်ခံခဲ့ပေမယ့် inquiry အဖွဲ့ (စုံစမ်းစစ်ဆေးရေး) က လာရောက်မေးမြန်းတာလည်း မရှိဘူး၊ လာရောက်စုံစမ်းတာလည်း မရှိဘူးတဲ့။ အစီရင်ခံခဲ့ပေမယ့် ဘာ inquiry team မှ မလာခဲ့ဘူး။ ဒီလိုမျိုး အခြေအနေမှာ ဘယ်လိုလုပ် ပူးပေါင်းဆောင်ရွက်နိုင်မှာလည်းလို့ ဒေါ်စုက ပြောပါတယ်” ဟု ပြောသည်။
 
အမေရိကန် နိုင်ငံသားတဦး အင်းယားကန်ကို ရေးကူးကျော်ဖြတ်၍ သူမ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ၂ ညတာ ခိုလှုံခွင့်ပြုခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိသည့် ဥပေဒကို ချိုးဖောက်သည်ဆိုကာ စစ်အစိုးရမှ တရားစွဲဆိုထားသည်။
 
အကယ်၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သူမအနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရဖွယ် ရှိသည်။
 
ယခုလို တရားစွဲဆိုခြင်းကြောင့် သူမကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တိုက်တွန်းတောင်းဆိုမှုများ ကြီးထွားလာစေခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယ သက်သေ ဒေါ်ခင်မို့မို့အား ကြားနာခြင်းကို သောကြာနေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။

Most read this week