ရွှေလီ (မဇ္စျိမ)။ ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် အာဆီယံ ၁၀ နိုင်ငံ ကျောက်မျက်ရတနာ ပြပွဲသို့ တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီရှိ မြန်မာကျောက်ကုန်သည်များ တက်ရောက်ရန် အာဏာပိုင်များက ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်။
ကျောက်မျက်ပွဲကို ယခုလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ရွှေလီအစိုးရ ကိုယ်စားလှယ်များက ယမန်နေ့ ညနေပိုင်းတွင် မြန်မာများကို မြန်မာကျောက်မျက် ကုန်သည်များအသင်း ရုံးခန်း၌ တွေ့ဆုံကာ ခင်းကျင်းပြသခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ ၂၀၀၃ ခုနှစ် နောက်ပိုင်း နှစ်စဉ်ကျင်းပလာသည့် ယင်း ကျောက်မျက်ပွဲသို့ တရုတ်နိုင်ငံ နယ်စပ်မြို့နေ မြန်မာကျောက်ကုန်သည်များအား ပထမဆုံးအကြိမ် သွားရောက်ခွင့်ပြုခြင်းလည်း ဖြစ်သည်။
+ Click to enlarge +
“ရွှေလီအစိုးရ ကိုယ်စားလှယ်က ရွှေလီဟာ ကျောက်မျက်ရတနာ မြို့တော်တခု ဖြစ်တယ်တဲ့။ ရွှေလီမှာရှိတဲ့ မြန်မာကျောက်ကုန်သည်တွေအနေနဲ့ဆို အစိတ်အပိုင်း တခုဖြစ်တယ်၊ ဒါကြောင့် ဒီလိုပွဲမျိုးမှာ ပါကို ပါရမယ်တဲ့။ နောက်တခုက တရုတ်အစိုးရဘက်က တရုတ်ပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဥပဒေနဲ့အညီ နေထိုင်နေတဲ့ မြန်မာတွေကို ပံ့ပိုးကူညီသွားမယ်၊ ဒါကြောင့် ခွင့်ပြုတာတဲ့” ဟု ယမန်နေ့ အစည်းအဝေးသို့ သွားရောက်ခဲ့သူ မြန်မာကုန်သည်တဦးက မဇ္စျိမကို ပြောသည်။
အစည်းအဝေးသို့ ရွှေလီအစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာများ တက်ရောက်ခဲ့ကာ ကုန်သည်များ လိုက်နာရမည့် စည်းကမ်းချက်များကိုပါ သတ်မှတ်ပေးလိုက်သည်။
ပြပွဲတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရန်၊ အတင်းအဓမ္မ ခေါ်ယူရောင်းချခြင်းနှင့် ကျောက်မျက် အတုများ သယ်ဆောင်ရောင်းချခြင်း မပြုရန်၊ ကျောက်အရည်အသွေးကို မှန်ကန်စွာ ပြောဆိုရောင်းချရန် ညွှန်ကြားခဲ့သည်။
ရွှေလီအစိုးရဘက်မှ အကူအညီများ ပေးမည်ဖြစ်သဖြင့် အဆင်ပြေလွယ်ကူမည်ဖြစ်ကြောင်း ကူမင်းပြပွဲသို့ သွားရောက်မည့် နောက်ထပ် မြန်မာကုန်သည်တဦးက ပြောသည်။
''ခါတိုင်းဆို ကူမင်းသွားဖို့အတွက်က ရွှေလီရောက်နေတဲ့ သာမန် မြန်မာနိုင်ငံသားအနေနဲ့ မလွယ်ဘူး။ ကူမင်းကို သွားနိုင်ဖို့ဆို သွားခွင့်လက်မှတ် လုပ်တဲ့အခါ ခက်ခဲတာ ရှိတယ်၊ မလုပ်ပေးတာ ရှိတယ်။ လက်မှတ်အတွက်ပဲ အနည်းဆုံး ၅၀၀ ယွမ်လောက် ကုန်တယ်။ အခုက တရုတ်အစိုးရဘက် ပ့ံပိုးမှုက နေထိုင်ခွင့် ဗီဇာရဖို့အတွက် ၁၄၀ ပဲ ကုန်တယ်၊ တလ နေထိုင်ခွင့်ရမယ်လို့ ပြောတယ်။ ပစ္စည်းတွေကလည်း သူတို့ဟာသူတို့ ကားအပြတ်နဲ့ သယ်ပေးမယ်။ အခွန်ဆောင်ရတာလည်း လွယ်ကူတာပေါ့” ဟု သူက ပြောသည်။
“မြန်မာကုန်သည် တယောက်အနေနဲ့ တရုတ်ပြည်အတွင်းပိုင်း ကူမင်းမြို့အထိ သွားရောင်းရတာမျိုး မကြံုဖူးဘူး။ မျက်စိပွင့်နားပွင့်၊ စီးပွားရေးအမြင်တွေတော့ ရလာမှာပဲ။ ရောင်းရဝယ်ရတာ ဘယ်လိုဟာမျိုးတွေ အဆင်ပြေမလဲ သိလာမှာပေါ့။ အခုတခေါက်က မြေစမ်းခရမ်းပျိုးပါပဲ” ဟု သူက ဆက်ပြောသည်။
ရွှေလီရှိ မြန်မာကျောက်ကုန်သည် ၅၀ ခန့်သည် ယခုလ ၈ ရက်နေ့တွင် ပြပွဲသို့ သွားရောက်မည်ဖြစ်ပြီး၊ ရန်ကုန်မြို့မှ ကျောက်ကုန်သည်အချို့လည်း ရွှေလီသို့ ရောက်နေပြီဟု မြန်မာကျောက်မျက် ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ကူမင်း ကျောက်မျက်ပြပွဲကို ယူနန်ပြည်နယ်အစိုးရက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ကူမင်းမြို့ နိုင်ငံတကာ ကျောက်မျက် ရတနာ စင်တာ၌ ကျင်းပမည်ဖြစ်သည်။