နယူးဒေလီ (မဇ္စျိမ)။ ။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း မိုးခေါင်သဖြင့် လယ်မြေအချို့တွင်သာ စပါးစိုက်ပျိုးနိုင်သေးကြောင်း လယ်သမားများ အပြောအရ သိရသည်။
ယခုလ ရက်သတ္တပတ်မှ စတင်ကာ မိုးစတင်ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးမြေဧက အားလုံး၌ စပါးစိုက်ပျိုးနိုင်ခြင်း မရှိဘဲ လယ်ယာစိုက်ပျိုးမြေ ၅ ပုံ ၁ ပုံ၌သာ စိုက်ပျိုးနိုင်ကြောင်း လယ်သမားများ အပြောအရ သိရခြင်း ဖြစ်သည်။
“ရေ အဓိက၊ ပြဿနာက မိုးခေါင်လွန်းလို့ပါ။ ဒါကြောင့် မိုးရွာတဲ့ နေရာတချို့မှာပဲ ရွေးပြီး စိုက်ရတယ်။ ဆည်မြောင်းကလည်း ရေ လုံးဝ မပေးဘူးဗျ” ဟု ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ လယ်သမားတဦးက မဇ္စျိမကို ပြောသည်။
ဒိုက်ဦးမြို့နယ်သည် စပါးထွက် အကောင်းဆုံး ဒေသများအနက် တခု အပါအဝင်ဖြစ်ပြီး စိုက်ပျိုးမြေ လယ်မြေဧက တသောင်းကျော် ရှိသည်။
သို့သော် ယခုနှစ်တွင် မိုးခေါင်သဖြင့် စပါးစိုက်ဧက ၁ သောင်းကျော်တွင် ၂၀၀၀ ၀န်းကျင်ခန့်သာ စိုက်ပျိုးနိုင်ကြောင်း လယ်သမားများက ဆိုသည်။
“ကျနော်တို့ ဒိုက်ဦးဆိုရင် ပဲခူးတိုင်း တတိုင်းလုံးထဲမှာ စပါးစိုက်အား အကောင်းဆုံးနေရာပဲ။ လယ်ဧကဆိုရင် တသောင်းကျော် ရှိတယ်။ အဲဒီထဲမှာမှ မိုးခေါင်လို့ ၂၀၀၀ ၀န်းကျင်ပဲ စိုက်နိုင်ကြတယ်လေ” ဟု လယ်သမားတဦးက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းတွင် စပါး စတင်စိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ် ဇွန်လကုန်ပိုင်းရောက်နေချိန်တွင် လယ်ရှင်းခြင်း၊ ပျိုးထောင်ခြင်းများကိုသာ စတင်နေရသေးသည်။
ယခုလို စပါးစိုက် နောက်ကျသဖြင့် စပါးအထွက်နှုန်းပါ ထိခိုက်မည့် အလားအလာရှိကြောင်း အခြား လယ်သမား တဦးက ဆိုသည်။
“ကျနော်တို့ လယ်စိုက်တာ နောက်ကျတော့ အခု အခြေအနေ အတိုင်းဆိုရင် စပါးက တော်တော် အထွက်နည်းမယ့် ပုံပဲဗျာ။ ဘာဖြစ်လို့လဲဆိုရင် ရှိသမျှလယ်တွေ အကုန်မစိုက်တာက တကြောင်းပေါ့နော်။ မိုး တော်တော် နည်းတော့ စပါးအထွက်နှုန်း တော်တော်နည်းအုံးမယ့် အလားအလာ ရှိတယ်” ဟု သူက ပြောသည်။
အလားတူပင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်းတော စသည့် မြို့နယ်များအတွင်း မိုးခေါင်သဖြင့် လယ်သမားများ စိုက်ပျိုးရန် အခက်အခဲ တွေ့နေသည်။
“လယ်လုပ်တဲ့သူ မများပေမယ့် ဒီမှာလည်း မိုးခေါင်တယ်။ တခြားဒေသတွေမှာတော့ မိုးရွာပေမယ့် မိုးနည်းတယ်” ဟု စစ်တွေမြို့နယ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများ ရောင်းချနေသည့် အရောင်းဆိုင် ၀န်ထမ်းတဦးက ပြောသည်။
ထို့အပြင် မိုးခေါင်နေသဖြင့် စိုက်ပျိုးရေးပစ္စည်းများ ပြီးခဲ့သည့်နှစ်ထက် အရောင်းမသွက်ကြောင်း သူက ဆက်ပြောသည်။
Published
Monday, June 29, 2009 - 23:25
ပဲခူးတွင် မိုးခေါင်သဖြင့် စပါးစိုက် နောက်ကျ
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း မိုးခေါင်သဖြင့် လယ်မြေအချို့တွင်သာ စပါးစိုက်ပျိုးနိုင်သေးကြောင်း လယ်သမားများ အပြောအရ သိရသည်။ ယခုလ ရက်သတ္တပတ်မှ စတင်ကာ မိုးစတင်ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးမြေဧက အားလုံး၌ စပါးစိုက်ပျိုးနိုင်ခြင်း မရှိ ...