ရန်ကုန်မှာ လုံခြံုရေး ကားများ လှည့်ပတ်

ရန်ကုန်မှာ လုံခြံုရေး ကားများ လှည့်ပတ်
by -
မြင့်မောင်
လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ် လုံထိန်းရဲများ တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃ဝ ခန့်ထက် မနည်းသည် ယနေ့ တနေ့လုံးနီးပါး ရန်ကုန်တိုင်းအတွင်း လှည့်ပတ်သွားလာနေခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရ ...

 
နယူးဒေလီ (မဇ္စျိမ) ။     ။ လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ် လုံထိန်းရဲများ တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃ဝ ခန့်ထက် မနည်းသည် ယနေ့ တနေ့လုံးနီးပါး ရန်ကုန်တိုင်းအတွင်း လှည့်ပတ်သွားလာနေခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
 
တရုတ်ပြည်ထုတ် FAW ကား တစီးလျှင် လုံထိန်းရဲ ဦးရေ ၂ဝ ခန့် လိုက်ပါလာကြသည်။
 
“လုံထိန်းကား ၃ဝ၊ ၄ဝ လောက် ပတ်နေတယ်။ အခုဟာက လုံခြံုရေးကို တပ်လှန့်ထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ကားခေါင်မိုးပေါ်မှာ စက်လတ်တွေ တင်ထားတယ်။ လုံထိန်းအပြည့်နဲ့ ပတ်နေတာ။ ကျနော်တို့ ဘက်ကို ညနေ ၃ နာရီ မထိုးမီ ပတ်သွားတယ်” ဟု ကိုယ်တိုင်မြင်တွေ့ရသူ အင်းစိန်မြို့ခံတဦးက မဇ္စျိမကို ပြောသည်။
 
“အရင်တုန်းက နောက်ခန်းမှာ ဒိုင်းတွေ ဘာတွေ ကိုင်ထားတယ်။ ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ အခုဟာက လူတယောက်က မတ်တပ်ရပ်ပြီး ကားခေါင်မိုးမှာ စက်လတ်ကို အသင့်ထောက်ထားတာ” ဟု သူက ဆိုသည်။
 
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့၌ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြောင်း အခြား မြို့ခံတဦးက ဆိုသည်။
 
“ယူနီဖောင်း အပြည့်ဝတ်ထားတဲ့ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်နေတယ်” ဟု သူက ပြောသည်။
 
“ကားပေါ်မှာ လုံထိန်းရဲတွေက ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ ဒိုင်းတွေကို ကား ပတ်ပတ််လည် ကာထားတယ်။ လက်ထဲမှာ ဒုတ်တွေ၊ သေနတ်တွေလည်း ပါတယ်” ဟု သူက ဆိုသည်။
 
လုံထိန်း ရဲတပ်ရင်း အမှတ် ၈ သည် အင်းစိန်ထောင်ရှေ့၌ လုံခြံုရေး ယူထားသလို၊ ထောင်အတွင်း၌လည်း အထူးလုံထိန်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရသည်။
 
အလားတူပင် မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း အပါအဝင် မြို့နယ်အချို့၌လည်း လုံထိန်းကားများ လှည့်ပတ်သွားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

Most read this week