နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုက ငြင်းဆိုဟု လေ့လာသူများ ပြောဆို

နယ်ခြားစောင့်တပ်ကိစ္စ ကေအိုင်အိုက ငြင်းဆိုဟု လေ့လာသူများ ပြောဆို
by -
မျိုးကြီး
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာစစ်အစိုးရ၏ အဆိုပြုချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက ငြင်းပယ်လိုက်ကြောင်း အဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်များက ဆို ...

ရွှေလီ (မဇ္စျိမ)။      ။ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာစစ်အစိုးရ၏ အဆိုပြုချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက ငြင်းပယ်လိုက်ကြောင်း အဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။
 
ယခုလ ၂ဝ ရက်နေ့က ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား၌ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆွေးနွေးခဲ့ကြရာ ကေအိုင်အိုက ယခုလို ငြင်းဆိုခဲ့ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။
 
“ကေအိုင်အိုက အဲဒီဆွေးနွေးပွဲ ပြီးသွားပြီ၊ ပြန်လာပြီ၊ သူတို့က နိုး (No) လို့ ဖြေလိုက်ပြီတဲ့။ တိုင်းမှူးက ပြောတယ်တဲ့၊ ဘာပြောသလဲဆိုရင် ခင်ဗျားတို့က နောက်တက်တဲ့ အစိုးရနဲ့မှ ဆွေးနွေးရအောင် နောက်တက်တဲ့ အစိုးရကို ခင်ဗျားတို့ ဘယ်လောက်အထိ ယုံကြည်လို့လဲပေါ့။ ရွေးကောက်ပွဲတောင် လုပ်ချင်မှ လုပ်မယ်ဆိုတဲ့ သဘောပေါက်နေတာပေါ့” ဟု တရုတ်-မြန်မာ နယ်စပ်နေ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
 
ကေအိုင်အိုနှင့် နီးစပ်သူ အမည်မဖော်လိုသူ တဦးကလည်း “ကေအိုင်အို အရာရှိတွေက နအဖရဲ့ အဆိုပြုချက်ကို မဖြစ်နိုင်တဲ့အကြောင်း ပြောလိုက်ပါတယ်” ဟု ဆိုသည်။
 
လေ့လာသူနှင့် နီးစပ်သူတို့က ယခုလို ပြောဆိုကြသော်လည်း ကေအိုင်အိုကမူ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ယခုအချိန်ထိ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
 
ဦးအောင်ကျော်ဇောက “ငြင်းပယ်လိုက်တယ်ဆိုတာက၊ သူတို့ (ကေအိုင်အို) ကတော့ နောက်တက်တဲ့ အစိုးရနဲ့မှပဲ ဆွေးနွေးတော့မယ်တဲ့။ ဟိုဘက်ကတော့ ကျနော်တို့ လမ်းဖွင့်ထားပါတယ်၊ နောက်တက်တဲ့ အစိုးရကို ခင်ဗျားတို့ ဘယ်လောက်အထိ ယုံကြည်ရလို့လဲ၊ အဲဒီတော့ အခုကတည်းက ပြင်ထားဖို့ပေါ့။ သူတို့ကတော့ ဆက်ဆွေးနွေးလို့လည်း ရပါတယ်တဲ့။ အဲလို ပြောထားတော့ သတ်မှတ်ရက် လွန်သွားတော့ ဟိုဘက်က အလျှော့ပေးတဲ့ သဘော ပေါ်တာပေါ့” ဟု ဆိုသည်။
 
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များသည် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သီးခြားစီ တွေ့ဆုံရာ၌ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက ကေအိုင်အိုနှင့် မြစ်ကြီးနားမြို့၌ စတင်တွေ့ဆုံခဲ့သည်။
 
ကေအိုင်အိုက အဆိုပါ အဆိုပြုချက်နှင့် ပတ်သက်ပြီး လူထုသဘောထား သိရှိနိုင်ရန်အတွက် မေလ ၃ဝ ရက်နေ့တွင် လိုင်ဇာ၌ ဆန္ဒသဘောထား ကောက်ခံသည့် လူထုအစည်းအဝေး ကျင်းပရာ ၎င်းအဆိုပြုချက်ကို လက်မခံကြောင်း ပြောဆိုခဲ့ကြသည်။ ထိုနေ့ကပင် အဆိုပြုချက်နှင့် လေ့လာဆောင်ရွက်ရန် ရ ဦးပါ ကော်မတီတရပ်ကိုလည်း စတင်ဖွဲ့စည်းခဲ့သည်။
 
ဤသည်မှာ မေလ ၁၁-၁၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် ကေအိုင်အို ဗဟိုကော်မတီ စုံညီအစည်းအဝေး၏ အဆက်လည်း ဖြစ်သည်။ စုံညီအစည်းအဝေး၌ ရှေ့ဆက်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ချမှတ်လိုက်ကြောင်း မေလ ၁၄ ရက်နေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သေးသည်။
 
ကြေညာချက်ထဲ၌ မြန်မာစစ်အစိုးရနှင့် ကေအိုင်အိုအကြား အသေးစိတ် ညှိနှိုင်းပြီးမှ ဆုံးဖြတ်ချက်ချရန်နှင့် ကေအိုင်အို ဗဟိုကော်မတီမှ ကိုယ်စားလှယ်အဖွဲ့တခု သီးသန့်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
 
ထို့အပြင် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့လူကြီးများကို လုပ်ငန်းတာဝန်များ ပေးအပ်ရန်အတွက် ကေအိုင်အို ဗဟိုအဖွဲ့ဝင်များ၊ ခေါင်းဆောင်များ၊ လူကြီးမင်းများ၊ ဝန်ထမ်းများ၊ တပ်အတွင်းနှင့် ရပ်မိရပ်ဖ ပြည်သူများ၊ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေထိုင်သော ကချင်အမျိုးသားများ စသည်တို့ထံမှ ပညာပေးအကြံပြုချက်များ စုစည်း၍ အရေးကြီးသော အကြံပြုချက်များကို ဗဟိုကော်မတီသို့ စာရွက်စာတမ်းဖြင့် ပေးပို့တင်ပြပါရန်လည်း ဆုံးဖြတ်ကြောင်း ဖော်ပြခဲ့သည်။

Most read this week