နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနှင့် မြောက်ကိုရီးယားအကြား သံသယဖြစ်စရာ စစ်ရေး အဆက်အဆံများ ရှိနေကြောင်း သေချာစေရန်အတွက် တရုတ်ကမ်းရိုးတန်းကို ဖြတ်ကျော်လာခဲ့သည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောနောက်တွင် နောက်ယောင်ခံနေသည့် အမေရိကန် ရေတပ်သင်္ဘော အနေဖြင့် အနီးကပ် စုံစမ်းစစ်ဆေးရန် စောင့်ကြည့်လေ့လာသူများက တောင်းဆိုနေကြသည်။
ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားဆိပ်ကမ်းမှ ထွက်ခွာလာပြီး မကြာမီတွင် အမေရိကန် ရေတပ်သင်္ဘောမှ ခြေရာခံမိခဲ့သည့် ကန်နမ် - Kang Nam အမည်ရှိ မြောက်ကိုရီးယား သင်္ဘောပေါ်သို့ တက်ရောက်ရှာဖွေမှုများ ပြုလုပ်ရန် အမေရိကန်အနေဖြင့် တောင်းဆိုသင့်ကြောင်း စစ်ရေး အကဲခတ် မြန်မာတဦးက ယနေ့ ပြောဆိုခြင်း ဖြစ်သည်။
“ဒီသင်္ဘောဟာ ကန်နမ် သင်္ဘောဖြစ်မယ်ဆိုရင် မြန်မာပြည်အတွက် လက်နက်တွေ သယ်လာတဲ့ သင်္ဘောဖြစ်ဖို့ သေချာတဲ့အတွက် ရှာဖွေကြည့်သင့်တယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ သုတေသနဌာနမှူး ဦးဋ္ဌေးအောင်က မှတ်ချက်ချ ပြောဆိုသည်။
မြောက်ကိုရီးယားနှင့် မြန်မာသည် ကန်နမ်သင်္ဘောဖြင့် လက်နက်များ သယ်ယူပို့ဆောင်နေကြောင်း ယခင်က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့စဉ်ကတည်းက စောင့်ကြည့်လေ့လာခဲ့သူ ဦးဋ္ဌေးအောင်က ပြောသည်။
ဒုံးကျည်နှင့် စစ်လက်နက်ဆိုင်ရာ ပစ္စည်းများသယ်ဆောင်လာသည်ဟု သံသယဖြစ်ဖွယ်ရာ မြောက်ကိုရီးယား ကုန်တင်သင်္ဘောအား နောက်ယောင်ခံလိုက်လာသည့် အမေရိကန်ရေတပ် ဖျက်သင်္ဘော U.S.S. McCain သည် သင်္ဘောအား တက်ရောက်ရှာဖွေရန်အတွက် ဌာနချုပ်သို့ ခွင့်ပြုမိန့် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့်လ ၂၅ ရက်နေ့က နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုနှင့် မကြာသေးခင်ကလည်း တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သဖြင့် ကုလသမဂ္ဂ၏ တားမြစ်ပိတ်ဆို့မှုများထဲတွင် လက်နက်များ သယ်ယူပို့ဆောင်ခြင်းကို လုံးဝ ပိတ်ပင်ထားခြင်း အပါအဝင်၊ ထိုသို့ လက်နက်များ သယ်ဆောင်လာသည်ဟု သံသယရှိသော သင်္ဘောများကို ရပ်တန့်စစ်ဆေးရန်အတွက် ပြန်လည်သုံးသပ်နေချိန် ဖြစ်သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများမှ လက်နက်တင်ပို့မှု ရောင်းချခြင်း မပြုလုပ်ရန် ပိတ်ပင်ထားသည့် မြန်မာနိုင်ငံသို့ ကန်နမ် သင်္ဘော ဦးတည်နေကြောင်း အတည်ပြုခြင်း မရှိသည့် ထောက်လှမ်းရေး သတင်းများအရ သိရှိရကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ YTN မှ တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားမှ အသုံးပြုနေသည့် လက်နက်သယ်ယူပို့ဆောင်နေသည့် သင်္ဘော ၅ စီးထဲ၌ ကန်နမ် သင်္ဘောလည်း ပါဝင်ပြီး ယခင်က မြန်မာဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ဖူးကြောင်း ဦးဋ္ဌေးအောင်က ပြောသည်။
၂ဝဝ၇ ခုနှစ် မေလတွင် မြောက်ကိုရီးယား သင်္ဘော Kang Nam 1 သည် ရန်ကုန် သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ရာ၊ လူသားချင်း စာနာမှုအရ ဆိုက်ကပ်ခွင့်ပြုခဲ့ကြောင်း မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဌာနမှ နိုင်ငံခြား သံတမန်များနှင့် သံရုံးများသို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။
မြန်မာ့ကမ်းရိုးတန်း ရေပိုင်နက်အတွင်း ရှိနေစဉ် သင်္ဘောအင်ဂျင်စက် ချို့ယွင်းခဲ့သဖြင့် လူသားချင်း စာနာထောက်ထားမှုအရ သင်္ဘောကို ကပ်ခွင့်ပြုခဲ့ကြောင်းနှင့် မြန်မာအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံသယဖြစ်ဖွယ်ရာ မရှိကြောင်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။
၂ဝဝ၆ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အလားတူအကြောင်းပြချက်ဖြင့်ပင် မြောက်ကိုရီးယား MV Bong Hoafan ကုန်တင်သင်္ဘောကို မြန်မာစစ်အစိုးရသည် ဆိပ်ကမ်းဆိုက်ကပ်ခွင့် ပြုခဲ့သည်။ သင်္ဘောပေါ်၌ မည်သည့် သံသယဖြစ်ဖွယ်ရာ ပစ္စည်းများ သို့မဟုတ် စစ်ဖက်ဆိုင်ရာ အသုံးပြုပစ္စည်းများ မတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
“တကယ်လို့ ကန်နမ်ဟာ မြန်မာကမ်းခြေကို ရောက်တဲ့အခါ စစ်အစိုးရဟာ အရင်က လုပ်ခဲ့တဲ့အတိုင်း အလားတူ ကျေညာချက်ကို ထုတ်ပြန်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနဲ့ မြောက်ကိုရီးယား လျှို့ဝှက်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာကိုတော့ ကျနော်တို့ သိပြီးပါပြီ” ဟု ဦးဌေးအောင်က ဆိုသည်။
စစ်တပ်တွင်းနှင့် စစ်တပ်နှင့်နီးစပ်သော အသိုင်းအဝိုင်းများမှ သိရသည့် သတင်းရင်းမြစ်များအရ မြန်မာစစ်အစိုးရသည် နျူကလီးယားစက်ရုံတခုကို လျှို့ဝှက်စွာ ဆောက်လုပ်နေကြောင်း သူ့အနေနှင့် သိရှိပြီးဖြစ်ကြောင်း သူက ပြောဆိုသည်။
ဦးဋ္ဌေးအောင်က ''မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ နျူကလီးယား ဖွံ့ဖြိုးမှုမှာ လက်နက်အဆင့်အထိ ရောက်ဖို့အတွက် အဝေးကြီး လိုသေးတယ်ဆိုပေမယ့် မြောက်ကိုရီးယားလို တိုင်းပြည်တွေရဲ့ အကူအညီနဲ့ဆိုရင် ဖြစ်မလာနိုင်ဘူးလို့တော့ ပြောလို့မရပါဘူး'' ဟု ဆိုသည်။
“မြောက်ကိုရီးယားဟာ အထီးကျန်ဖြစ်နေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မြန်မာပြည်ကိုလည်း သူတို့နဲ့ အသွင်တူတဲ့ အစိုးရတရပ်အဖြစ်နဲ့ ကြည့်နေတာပါ။ ဒါကြောင့် စစ်အစိုးရအနေနဲ့ လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို မြောက်ကိုရီးယားဆီက ရဖို့အတွက် သိပ်ပြီး အခက်အခဲရှိလိမ့်မယ် မဟုတ်ဘူး” ဟု သူက ပြောဆိုပြီး၊ အရည်ပျော်သွားပြီဖြစ်သည့် နေပြည်တော်-ပြံုယမ်း ဆက်ဆံရေးသည် သတိပေးရသည့် အဆင့်သို့ပင် ရောက်နေပြီဟုလည်း ဆိုသည်။
တောင်ကိုရီးသမ္မတ ချန်ဒူးဝမ်ကို မြောက်ကိုရီးယား လျှို့ဝှက်အေးဂျင့်များက ရန်ကုန်မြို့၌ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ပြီးသည့်နောက် ၂၄ နှစ်ကြာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြတ်တောက်ခဲ့ရာမှ၊ ၂ဝဝ၇ ခုနှစ် ဧပြီလတွင်၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်သွယ်ရေးကို ပြန်လည် တည်ဆောက်ခဲ့သည်။
ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ခင်ညွန့်နှင့်အတူ ရာထူးမှ ဖြုတ်ချခံရသည့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင်သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာ သွားရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်အတွက် လုပ်ဆောင်ခဲ့ကြောင်း အကဲခတ်များက ပြောသည်။
အမေရိကန်အခြေစိုက် အာဏာရှင်များ စောင့်ကြည့်ရေးအဖွဲ့မှ မြန်မာနိုင်ငံ၏ စစ်တပ်ဖွံ့ဖြိုးမှုများကို အနီးကပ် စောင့်ကြည့်နေသည့် ရိုလန် ဝက်ဆန်၏ အီးမေးလ် မက်ဆေ့ချ်တခုအရမူ၊ မြန်မာစစ်အစိုးရ၏ နျူးကလီးယား အာသီသများနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများကို အမေရိကန်အနေဖြင့် ကောင်းစွာသိထားပြီး ဖြစ်သော်လည်း သတင်းအချက်အလက်များကို ထိန်းချုပ်ထားခဲ့သည်။
“ကန်နမ်မှာ ဒုံးကျည်နဲ့ စစ်လက်နက်ဆိုင်ရာ ပစ္စည်းတွေ ပါလာတယ်ဆိုတာကို ထုတ်ပြောခြင်းအားဖြင့် အမေရိကန်ဟာ ဒီ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောင်းစွာ သိထားပြီးပြီဆိုတာကို ပြသနေတယ်” ဟု ဦးဋ္ဌေးအောင်က ပြောသည်။
မြန်မာစစ်အစိုးရ၏ နျူကလီးယားပိုင်ဆိုင်လိုသည့် အာသီသနှင့် နျူကလီးယား လက်နက်အဆင့်အထိ ဖွံ့ဖြိုးလာရန် ကြိုးစားနေသည့် ၎င်းတို့၏ လျှို့ဝှက်လုပ်ဆောင်ချက်များနှင့် ပတ်သက်သမျှ အမေရိကန်အစိုးရ သိထားသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုသင့်ပြီဟု သူက တောင်းဆိုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဌာနသည် မြန်မာနိုင်ငံသို့ ပေးနေသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများဆိုင်ရာ အစီရင်ခံစာ တစောင်ကို ပြင်ဆင်ရန် လိုအပ်နေပြီဟု ၂ဝဝ၈ ခုနှစ်၊ တွမ် လန်းတို့စ်၏ မြန်မာ့ ကျောက်မျက်ရတနာများ ပိတ်ဆို့တားမြစ်ရေး အက်ဥပဒေ အပိုဒ် ၁ဝ အောက်၌ ပါရှိသည်။ ထို ဥပဒေ၏ အပိုဒ်ခွဲ ၃ ၌ အစုလိုက်အပြံုလိုက် သေစေတတ်သည့် လက်နက်ပစ္စည်းများလည်း အကြံုးဝင်သည်။
ဥပဒေအရ ထိုအစီရင်ခံစာသည် ဇန်နဝါရီလကုန်၌ အများပြည်သူလူထုသို့ တင်ပြပြီး ဖြစ်ရမည်။ သို့သော် ယနေ့တိုင် နိုင်ငံခြားရေးဌာနသည် အစီရင်ခံစာ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု အာဏာရှင်များ စောင့်ကြည့်ရေးအဖွဲ့မှ ဝက်ဆွန်က ရှင်းပြသည်။
သင်္ဘောသည် မြန်မာ့ကမ်းခြေသို့ မဆိုက်ရောက်ခင် အချိန်မီ သေချာကျနစွာ စစ်ဆေးမှု မပြုလုပ်နိုင်ပါက မည်သည့်ပစ္စည်းများ ပါလာကြောင်း သိနိုင်တော့မည်မဟုတ်ဟု ဦးဋ္ဌေးအောင်က ပြောသည်။
မြောက်ကိုရီးယားကို တားမြစ်ပိတ်ဆို့မှုများ ပြဋ္ဌာန်းထားသော်လည်း၊ သင်္ဘောတွင် သယ်ဆောင်လာသည့် ပစ္စည်းများကို စစ်ဆေးရန်အတွက် သင်္ဘောပေါ်သို့ တက်ရောက်ရန် အထူးတပ်ဖွဲ့များကို အသုံးပြုခြင်း မရှိခဲ့ပေ။ အကျိုးဆက်အနေဖြင့် အကယ်၍ ကန်နမ်သည် လမ်း၌ ရပ်တန့်စစ်ဆေးခြင်း မခံရဘဲ မြန်မာ့ရေပိုင်နက် အတွင်းသို့ ရောက်ရှိသွားပါက အမေရိကန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း မပြုလုပ်ဘဲနှင့် စစ်ဆေးရန် မဖြစ်နိုင်တော့ပေ။
မည်သို့ဆိုစေ၊ အချို့အကဲခတ်သမားများ သံသယရှိသည့်အတိုင်း ကန်နမ်သည် မြန်မာပြည်သို့ မသွားမီ စင်္ကာပူတွင် ကမ်းကပ်ရန် အစီအစဉ်ရှိခဲ့ပါက အမေရိကန်နိုင်ငံသည် စင်္ကာပူ အာဏာပိုင်များအား ဆိပ်ကမ်းမှ သင်္ဘော မထွက်ခွာမီ စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုနိုင်မည်ဖြစ်သည်။
Published
Tuesday, June 23, 2009 - 19:39
မြောက်ကိုရီးယားသင်္ဘော၊ ပြံုယမ်း-နေပြည်တော် ဝင်ရိုးတန်းအဖြစ် ပြသ
မြန်မာနှင့် မြောက်ကိုရီးယားအကြား သံသယဖြစ်စရာ စစ်ရေး အဆက်အဆံများ ရှိနေကြောင်း သေချာစေရန်အတွက် တရုတ်ကမ်းရိုးတန်းကို ဖြတ်ကျော်လာခဲ့သည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောနောက်တွင် နောက်ယောင်ခံနေ ...