ဘန်ကောက် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဇူလိုင်လ အစောပိုင်းတွင် သွားရောက်နိုင်ရေးအတွက် ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိပြီး စီစဉ်ထားမှာဖြစ်သည်။
မြန်မာအစိုးရ အရာရှိတဦးအပြောအရ ကုလသံတမန်၏ ခရီးစဉ်ကို သောကြာနေ့တွင် စတင်ရန် ရှိသည်ဟု သိရသည်။ “အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးဖို့နဲ့ မစ္စတာဘန်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်ဖို့ပါ” ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
ကုလသမဂ္ဂ အရာရှိများကို ဆက်သွယ်မေးမြန်းရာ ခရီးစဉ်နှင့်ပတ်သက်ပြီး လောလောဆယ်တွင် အတည်ပြု၍ မရသေးဟု ဆိုသည်။ အခြားသော သတင်းရပ်ကွက်များကတော့ မစ္စတာဂန်ဘာရီ၏ ခရီးစဉ်ကို စီစဉ်ထားပြီးပြီဖြစ်ကာ သတ်မှတ်ချိန်အတို်င်း သွားဖြစ်ရန် များပါသည်ဟု ဆိုသည်။ ရန်ကုန်ရှိ သံတမန်အများက မဇ္ဈိမကို ပြောကြားရာတွင် ခရီးစဉ်ကို အတည်ပြု၍ မရနိုင်သေးသော်လည်း ယခုသတင်းပတ်အကုန်တွင် ကုလကိုယ်စားလှယ် လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။
“တကယ်လို့များ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဇူလိုင်လမှာ လာမယ်ဆိုရင် သူ့ရဲ့ အထူးကိုယ်စားလှယ် ဂမ်ဘာရီဟာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှု လုပ်ရမှာပဲလေ” ဟု ရန်ကုန်ရှိ အမည်မဖော်လိုသူ အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောသည်။
ဘန်ကီမွန်း၏ ဂျပန်နိုင်ငံ တိုကျိုမြို့ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ကြောင်းနှင့် ဇွန်လ ၃ဝ ရက််နေ့မှသည် ဇူလိုင်လ ၂ ရက်နေ့အထိ ကြာမြင့်နိုင်ကြောင်း အာရှ သံတမန်သတင်းရပ်ကွက်က ယုံကြည်နေကြသည်။ မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အသေးစိတ်ကို မပြောနိုင်သော်လည်း မြန်မာနိုင်ငံသို့ လည်ပတ်ရေးမှာ ဖြစ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ်ချယ် မွန်တက်စ်က နယူးယောက်တွင် သောကြာနေ့က သတင်းစာဆရာများကို ပြောကြားခဲ့သည်။
အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် စိတ်ပိုင်းဖြတ်မှု မပြုရသေးကြောင်းသာ ကုလသမဂ္ဂ အရာရှိများက လူသိရှင်ကြား ပြောကြားမည် ဖြစ်သည်။ သို့သော်လည်း ဘန်ကီမွန်းအနေဖြင့် သွားရောက်ရန် ဆန္ဒပြင်းပြနေသည်ဟု သူနှင့် အဆက်အသွယ်ရှိသူ သံတမန်အများက မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံသို့ ဇူလိုင်လအတွင်း လာရောက်ပါရန် ကုလအကြီးအကဲကို ဖိတ်ကြားထားသော်လည်း ဖိတ်စာကို အကြောင်းပြန်ကြားချက် မရသေးကြောင်း မြန်မာအစိုးရ အရာရှိများက ပြောသည်။
မစ္စတာ ဘန်ကီမွန်းအနေဖြင့် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အကြောင်းပြန်ကြားချက်စာကို ကုလသံတမန်ဖြင့် ပေးအပ်လိုက်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။ ယခင်အကြိမ်များကဲ့သို့ပင် စစ်အစိုးရ ခေါင်းဆောင်က မစ္စတာ ဂမ်ဘာရီကို တွေ့ဆုံခြင်း မပြုဘဲ နေမှာလား၊ တွေ့ဆုံမည်လား ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။
ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများထံမှ တစုံတရာ ကမ်းလှမ်းမှု မရနိုင်လျှင် ကုလအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်မှာ မဟုတ်ပေ။ မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အတွင်း အထွေထွေ အတွင်းရေးမှူးချုပ် မျှော်လင့်ထားသည်များကို ရှင်းလင်းပြောကြားသွားဖွယ် ရှိသည်ဟု ရန်ကုန်ရှိ သံတမန်များက ယုံကြည်နေကြသည်။
နယူးယောက်ရှိ ကုလ ရုံးချုပ်တွင် မစ္စတာ ဘန်ကီမွန်းက စာနယ်ဇင်းသမားများကို ပြောကြားခဲ့ရာ၌ “ကျနော် မကြာခဏ ပြောခဲ့သလို သင့်တင့်လျောက်ပတ်တဲ့ အချိန်ဖြစ်ပြီး အခြေအနေကလည်း ပေးမယ်ဆိုရင် မြန်မာနိုင်ငံကို သွားဖို့ အဆင့်သင့်ပါပဲ။ အခု အဲဒါ လုပ်နေတာ” ဟု သူက ဆိုခဲ့သည်။
နာဂစ်မုန်တိုင်း ဖြစ်ပြီးခါစ ၂ဝဝ၈ ခုနှစ် မေလ နှောင်းပိုင်းတွင် မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်သူများအတွက် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အရေးပါသော အလှူအတန်းများ ရရှိစေရန် ရန်ကုန်တွင် ပြုလုပ်သော အလှူရှင်များ အစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တနာရီကြာ တွေ့ဆုံခဲ့ပြီး၊ တရင်းတနှီး ဆွေးနွေးခဲ့သည်ဟု မြန်မာစစ်တပ် သတင်းရပ်ကွက်က ပြောသည်။ တရားဝင် ထုတ်ပြန်ချက်တွင်မူ ခရီးစဉ်မတိုင်မီ ချမှတ်ထားခဲ့သည့်အတိုင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့သည်ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
သို့သော်လည်း ဆွေးနွေးမှုအတွင်း နိုင်ငံ၏ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံအပေါ် မစ္စတာ ဘန်ကီမွန်း၏ အမြင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မေးမြန်းခဲ့သည်ဟု သိရသည်။ အထွေထွေ အတွင်းရေးမှူးချုပ်က အခွင့်အလမ်းကို လက်လွှတ်မခံဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု ရရှိရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့် ယုံကြည်ကိုးစားမှု ရရှိစေရန် လုပ်ဆောင်သင့်သည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရန်လည်း သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောကြားခဲ့သည်ဟု မစ္စတာ ဘန်ကီမွန်းနှင့် နီးစပ်သူ ကုလ အရာရှိများ အပြောအရ သိရသည်။
ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်ခွင့် ရရှိသူတဦး အပြောအရ ဆွေးနွေးမှု အဆုံးသတ်ခါနီးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ပေါင်ကိုပုတ်လိုက်ပြီး နိုင်ငံခြားသားနှင့် ဆွေးနွေးမှုများတွင် ယခုတခါသည် အကောင်းဆုံး ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မေလတုန်းက နှစ်ဦးသား အမြင်ချင်း ဖလှယ်နိုင်ခဲ့သလို ကောင်းမွန်သော ဆက်ဆံရေး ထူထောင်နိုင်လိမ့်မည်ဟု မစ္စတာ ဘန်ကီမွန်းက မျှော်လင့်နေသည်။
မစ္စတာ ဘန် အနေဖြင့် အဓိကကျသော အကြောင်းကိစ္စရပ်များကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီး ဖြစ်သည်။ “ဒီမိုကရေစီ ထွန်းကားရေး မြှင့်တင်လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး” သည် သူ၏ ဦးစားပေးကိစ္စဖြစ်ကြောင်းနှင့် နောင်တွင်လည်း ဦးစားပေး လုပ်ငန်းများ ဖြစ်နေလိမ့်မည်ဟု မစ္စတာ ဘန်က စာနယ်ဇင်းများကို မကြာသေးခင်က ပြောကြားခဲ့သည်။
မစ္စတာ ဘန်နှင့် မစ္စတာ ဂမ်ဘာရီတို့ နှစ်ဦးလုံး ပြုလုပ်နေဆဲဖြစ်သော အတို်က်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ တက်ရောက်နားထောင်ဖွယ် ရှိနေသည်။ အမေရိကန် နိုင်ငံသားတဦးက ရေကူး၍ သူ၏ နေအိမ်ဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့ခြင်းကို အစားအသောက်များ ကျွေးမွေးပြီး နေအိမ်တွင်း ဝင်ခွင့်ပြုမှုကြောင့် နေအိမ်အကျယ်ချုပ် ကာလအတွင််း စည်းကမ်းချိုးဖောက်သည်ဟု စွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို သောကြာနေ့ ရုံးချိန်းပေးထားသည်။ ကျူးလွန်ကြောင်း ထင်ရှားလျှင် ၅ နှစ်အထိ ထောင်ဒဏ် အပြစ်ပေးခံရမည် ဖြစ်သည်။
မစ္စတာ ဘန်ကီမွန်း၏ ဂျပန်ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ သွားရောက်မှု ရှိ မရှိ နှင့် သူမ၏ ကံကြမ္မာက ဆက်စပ်နေသည်။ မစ္စတာ ဂမ်ဘာရီသည် စစ်ခေါင်းဆောင်များနှင့် ယခုအကြောင်းကို ဆွေးနွေးရန် မျှော်လင့်ထားသည်။
ထို့အပြင် ၁၉၉ဝ ပြည့်နှစ်ကစလျှင် ပထမဆုံးအကြိမ် ဖြစ်လာမည့် နောင်နှစ်တွင် ပြုလုပ်ရန် လျာထားသော အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ပြောဆိုကြဖွယ် ရှိသည်။ စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မစ္စတာ ဂမ်ဘာရီကို ပြသဖွယ်လည်း ရှိသည်။ “လအတန်ကြာ ရေးဆွဲခဲ့တဲ့ ဒီဥပဒေကို ဂမ်ဘာရီကို ပထမဆုံး ပြမယ်လို့ ထင်တယ်” ဟု ရန်ကုန်ရှိ အနောက်တိုင်း သံတမန်တဦးက ပြောသည်။
မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်အပြီး မစ္စတာ ဂမ်ဘာရီသည် တိုကျိုသို့ သွားရောက်ကာ စစ်အစိုးရ၏ တုံ့ပြန်ပြောကြားချက်ကို ကုလအကြီးအကဲထံ သယ်ဆောင်သွားမည်ဟု ကုလ အတွင်းလူများ အပြောအရ သိရသည်။
Published
Monday, June 22, 2009 - 22:32
ကုလအကြီးအကဲ မတို်င်မီ ဂမ်ဘာရီ ရန်ကုန်သို့ သွားမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဇူလိုင်လ အစောပိုင်းတွင် သွားရောက်နိုင်ရေးအတွက် ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိပြီး စီစဉ်ထား ...