ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူမ၏ ပါတီ အန်အယ်ဒီက မိုးပျံပူပေါင်းများနှင့် လွှတ်တင်လိုက်သော ပါတီအလံကို လာရောက်အပ်နှံပါက ဆုငွေ ကျပ် ၂ သောင်း ချီးမြှင့်မည် ဖြစ်သည်။
ပါတီခေါင်းဆောင်၏ ၆၄ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ ယနေ့နံနက် ရ နာရီခန့်က ပြုလုပ်ခဲ့ရာ အထိမ်းအမှတ်အဖြစ် ပူပေါင်းများ၊ ငှက်များနှင့်အတူ ဆုငွေချီးမြှင့်မည့်အလံကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
”ပူပေါင်းမှာ အဖွဲ့ချုပ်အလံ ပါသွားတယ်။ အဲဒီအလံကို ပြန်အပ်တဲ့သူကို ဆုငွေ ၂ သောင်း ချီးမြှင့်မယ်ဆိုပြီးတော့ စာရေးထားတယ်” ဟု အန်အယ်ဒီ ဗဟိုပြန်ကြားရေးဌာနမှ ဒေါက်တာဝင်းနိုင်က မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုမှုကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှဖေက အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။
“တနေ့တော့ လွတ်လာမှာပါ” ဟူသည့် သီချင်းကို သီဆိုကာ နံနက်ပိုင်း အခမ်းအနား အစီအစဉ်ကို နိဂုံးချုပ်ကာ၊ ဒုတိယပိုင်း အစီအစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများအား ပညာရေးထောက်ပံ့မှု ပြုလုပ်ခဲ့ကြသည်။
အလားတူပင် မွေးနေ့ဂုဏ်ပြုပွဲများကို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်ဒေသတချို့တွင် ပါတီဝင်များ၊ အားပေးထောက်ခံသူများက ကျင်းပခဲ့ကြသည်။
သို့သော်လည်း မွေးနေ့ရှင်မှာ ၅ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည့် နေအိမ်အကျယ်ချုပ်အတွင်း စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆို ခံနေရကာ၊ ယခုအခါ ရန်ကုန် အင်းစိန်ထောင်အတွင်း၌ ချုပ်နှောင်ခံထားရသည်။
''ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲက မွေးနေ့ရှင် မပါဘဲ ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်းများနေပြီ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဘာအပြစ်မှ မရှိဘဲနဲ့ အကျဉ်းသားလို နေနေရတဲ့ ဘဝ လွတ်မြောက်စေချင်ပြီ။ ပြည်သူတွေကလည်း စီးပွားရေး၊ လူမှုရေး၊ နိမ့်ကျနေချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး ဖြစ်စေချင်တယ်'' ဟု ဒေါက်တာ ဝင်းနိုင်က ပြောဆိုလိုက်သည်။
Published
Friday, June 19, 2009 - 20:47
ဒေါ်စုမွေးနေ့ အထိမ်းအမှတ် အလံ ဆုငွေ ၂ သောင်း ပေးမည်
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူမ၏ ပါတီ အန်အယ်ဒီက မိုးပျံပူပေါင်းများနှင့် လွှတ်တင်လိုက်သော ပါတီအလံကို လာရောက်အပ်နှံပါက ဆုငွေ ကျပ် ၂ သောင်း ချီးမြှင့်မည် ...