ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်း၌ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်တွင် ရန်ကုန်နှင့် မန္တလေးအခြေစိုက် အသင်းနှစ်သင်းတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားစဉ် ခိုက်ရန် ဖြစ်ပွားသော ပရိတ်သတ်အချို့ အဖမ်းခံခဲ့ရသည်။
MNL Cup Grand Royal 2009 တွင် အရေးပါသော အဆုံးအဖြတ်ပွဲစဉ် ဖြစ်သည့်အပြင် ပြိုင်ဆိုင်မှု အစဉ်အလာ ကြီးမားခဲ့သော ရန်ကုန်နှင့် မန္တလေး၏ ယူနိုက်တက်နှင့် ရတနာပုံ အက်ဖ်စီ အသင်းတို့ မကစားမီက စတင်၍ ပရိတ်သတ်အချို့က အပြန်အလှန် အရာဝတ္ထုများဖြင့် အပြန်အလှန် ပစ်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် ပရိတ်သတ်အချို့ ဒဏ်ရာရရှိခဲ့သည်။
၂ ဂိုးစီဖြင့် သရေပွဲ ဖြစ်သော ပွဲသို့ ရတနာပုံ အက်ဖ်စီ အသင်းဘက်မှ အားပေးရန်အတွက် အသင်းပိုင် Alpine သောက်ရေသန့် ကုမ္ပဏီက မန္တလေး ပရိသတ်များအား ကား ၁၀ စီး၊ ရထားတွဲ ၂ တွဲဖြင့် ခေါ်ဆောင်လာခဲ့သည်။
“မြတ်မန္တလာထွန်းကားက ၁၀ စီး၊ ရထားတွဲက ၂ တွဲ။ မန္တလေးက ကျနော်တို့ ကုမ္ပဏီ အစီအစဉ်နဲ့လိုက်တဲ့ ပရိသတ်တင် အားလုံး ၆၂၅ ယောက်။ သူ့အစီအစဉ်နဲ့လာတဲ့ ပရိသတ်ကလည်း ၅၀၀ လောက် ရှိမယ်” ဟု Alpine သောက်ရေသန့် ကုမ္ပဏီမှ ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
ကစားပွဲ၌ လုံခြံုရေးအင်အား များပြားပြီး၊ ကွင်းအပြင်၌လည်း လုံထိန်းကား အစီးရေ ၂ဝ ခန့်အပြင် အချုပ်ကားများနှင့် မီးသတ်ကားများလည်း အဆင်သင့် ထားရှိခဲ့သည်။ လုံခြံုရေး ရဲတပ်သား ၂၀၀၀ ကျော်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ရင်းမှ ဘောလုံးပွဲ လုံခြံုရေးတာဝန်ကျ
ရဲတပ်ကြပ်ကြီးတဦးက ပြောသည်။
ရန်ကုန် ယူနိုက်တက် အသင်းသည် အောင်ဆန်း အားကစားကွင်း၌ ပဲခူးတိုင်းကိုယ်စားပြု ဥဿာ ယူနိုက်တက်နှင့် ကစားပွဲတွင်လည်း ဥသာအသင်း ပရိသတ်များနှင့် အပြန်အလှန် ပစ်ပေါက်မှုများ ဖြစ်ခဲ့သဖြင့် လုံခြံုရေး အင်အားဖြင့် ထိန်းသိမ်းနိုင်သော သုဝဏ္ဏကွင်းသို့ ယခုလို ပြောင်းရွှေ့ကစားကြခြင်း ဖြစ်သည်။
ရန်ကုန် ယူနိုက်တက်သည် ရန်ကုန်တိုင်းကို ကိုယ်စားပြုကာ မြန်မာစစ်အစိုးရနှင့် အလွန်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ တည်ထောင်ထားပြီး၊ ရတနာပုံအက်ဖ်စီမှာ မန္တလေးတိုင်းကို ကိုယ်စားပြုကာ Alpine သောက်ရေသန့် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ ဆိုင်းဆမ်ထွန်းက တည်ထောင်ထားသည်။
မနက်ဖြန်တွင် Southern Myarmar နှင့် ဥဿာ ယူနိုက်တက်သည် သုဝဏ္ဏကွင်း၌ပင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
Published
Friday, June 19, 2009 - 20:46
သွေးဆူသော ဘောလုံးပရိသတ် အဖမ်းခံရ
ရန်ကုန်မြို့ သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်း၌ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်တွင် ရန်ကုန်နှင့် မန္တလေးအခြေစိုက် အသင်းနှစ်သင်းတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားစဉ် ခိုက်ရန် ဖြစ်ပွားသော ပရိတ်သတ်အချို့ အဖမ်းခံခဲ့ရ ...