ဒါကာ (မဇ္ဈိမ)။ ။ ထောင်တွင်း အခြေအနေများကို ရိုက်ကူးထားသော ဗီဒီယိုခွေ လက်ဝယ်ရှိသူတဦး ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင် အပါအဝင် အရာရှိ ၄ ဦးကို အကျဉ်းဦးစီးဌာနက အလုပ် ဖြုတ်ပစ်လိုက်သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင််မှူး ဝင်းမောင်၊ အခြားအရာရှိ တဦးဖြစ်သည့် ဦးသိန်းကျော် တို့ကို ဇွန်လ ရ ရက်နေ့က အလုပ်ဖြုတ်လိုက်ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။
မည်သည့်အကြောင်းကြောင့် အလုပ်ဖြုတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လွန်ခဲ့သည့်လက အကျဉ်းသားများ နေထိုင် စားသောက်ရသည့် အခြေအနေကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုခွေတခု ပြင်ပတွင် ဖမ်းမိခဲ့ခြင်းနှင့် ဆက်စပ်မှု ရှိနေမည်ဟု ယုံကြည်ရသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်အတွင်းက ထောင်တွင်း အခြေအနေများကို ရိုက်ကူထားသော ဗီဒီယို ခွေကို ဘူးသီးတောင် စစ်ဖက်ရေးရာ လုံခြံုရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီး ရမိခဲ့သည်။ “တိတ်ခွေထဲမှာက ထောင်တွင်း စားရေးသောက်ရေး အခြေအနေတွေ၊ အကျဉ်းသားတွေကို အလုပ်ကြမ်း ခိုင်းနေပုံတွေ ပါတယ်။ အဲဒီအခွေကို ဘူးသီးတောင်ကနေ မောင်တောကိုသွားတဲ့ လူတယောက် လက်ထဲမှာ ဖမ်းမိလိုက်တယ်” ဟု စရဖ သတင်းရပ်ကွက်တခုက ပြောသည်။
ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နေ ကိုသိန်းဦးဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။
ယခုအခါ ထောင်လုံခြံုရေးကိုလည်း ယခင်ကထက် တင်းကြပ်ထားကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သူတဦးက မဇ္ဈိမသို့ ပြောသည်။
အကျဉ်းထောင်အတွင်း သံဃာတော် ဦးအိသရိယ၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နှင့် မနီနီမေမြင့်တို့ အပါအဝင်် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးခန့် ရှိသည်။