နယူးဒေလီ (မဇ္စျိမ)။ ။ နိုင်ငံရေးအကျဉ်းသား ဆလိုင်းလှမိုး မြင်းခြံထောင်အတွင်း သေဆုံးရခြင်းသည် အာဏာပိုင်များ၏ သွယ်ဝိုက်သောနည်းဖြင့် သတ်ဖြတ်မှုကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP က ယနေ့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့က အသည်းရောင်အသည်းဝါဖြင့် သေဆုံးခဲ့ရသည့် ဆလိုင်းလှမိုး (၄၈ နှစ်) သည် ချင်းပြည်နယ် မတူပီမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေးမှူးဖြစ်ပြီး၊ အာဏာပိုင်များက ကျန်းမာရေးစောင့်ရှောက်မှု မပေးသဖြင့် သေဆုံးခဲ့ရသောကြောင့် သွယ်ဝိုက်သော လူသတ်ဖြတ်မှုဟု AAPP က စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
“သူ့ကျန်းမာရေး အဖြေအနေ အတော်ဆိုးဝါးနေတယ်၊ အကြောင်းရင်းက ရေကောင်းရေသန့် မရဘူး၊ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလို ကျန်းမာရေး စောင့်ရှောက်ခွင့် မရဘူး။ ဒါကြောင့်မို့ မသေဆုံးသင့်ဘဲ သေသွားရတာ ဖြစ်တယ်။ ဒါက စနစ်တကျ သတ်ဖြတ်ခြင်း ခံရတာ ဖြစ်ပါတယ်” ဟု AAPP တွဲဖက် အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။
ချင်းအမျိုးသား ဆလိုင်းလှမိုး ကွယ်လွန်သည်ကို ထောင်အာဏာပိုင်များက မိသားစုထံ အကြောင်းမကြားဘဲ ဆွေမျိုးတဦးက ထောင်ဝင်စာတွေ့ရန် သွားရောက်ရာမှ အသည်းရောင် အသားဝါကြောင့် ဝမ်းဗိုက်တွင် ရေဖျဉ်း စွဲကပ်ခဲ့ပြီး အဆိုပါ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း အာဏာပိုင်များက ပြောဆိုရာမှ သိကြရခြင်း ဖြစ်သည်။
“သူက လွန်ခဲ့တဲ့ ၂ နှစ် လောက်ကစပြီး ဒီရောဂါကို ခံစားရတာ။ အဓိကကတော့ ထောင်ထဲမှာ သောက်ရေ၊ သုံးရေ မသန့်လို့ပေါ့နော်။ ရောဂါဖြစ်လာတော့လည်း ဆေးကောင်းကောင်း ကုမပေးဘူး။ အပြင်ဆေးရုံမှာ ကုဖို့ကိုလည်း ခွင့်မပြုတဲ့အတွက် မသေသင့်ဘဲ သေရတာပါ” ဟု တမြို့နယ်ထဲ အတူနေသူ ချင်းအမျိုးသား ဆလောင်က မဇ္စျိမကို ပြောသည်။
အသည်းရောင် အသားဝါသည် မသန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာမှတဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျံ့နှံ့တတ်သော်လည်း ကောင်းမွန်စွာ ဆေးကုသပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။
ကိုဘိုကြည်က “မြန်မာပြည် အကျဉ်းထောင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အတော်ကို ညံ့ဖျင်းပါတယ်။ အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ကို ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးဘဲ အကျဉ်းသားတွေကို ညှဉ်းသတ်နေတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
ဆလိုင်းလှမိုးသည် ၂ဝဝ၃ ခုနှစ် ဧပြီလအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် မတူပီ ခရီးစဉ်တွင် လုံခြံုရေး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထိုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဆလိုင်းလှမိုး၊ မတူပီမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဆလိုင်းအောင်ထန်းနှင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းပါထန်အား အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၁၁ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။
ဆလိုင်းလှမိုးသည် ထောင်ဒဏ် ရ နှစ်ကျခံရပြီးနောက် ကွယ်လွန်ခဲ့ရပြီး၊ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သူနှင့်အတူ ပြစ်ဒဏ်ကျခံခဲ့ရသူ ဆလိုင်းအောင်ထန်းနှင့် ဆလိုင်းပါထန်သည် မြင်းခြံထောင်တွင် ဆက်လက်၍ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။
မြန်မာပြည်တဝှမ်း အကျဉ်းထောင်များတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ အန်အယ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိနေပြီး၊ လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရဘဲ ရောဂါဝေဒနာ ခံစားနေရသူ အများအပြားရှိနေကြောင်း AAPP ၏ အဆိုအရ သိရသည်။