ဖွဲ့စည်းပုံ ဥပဒေ ဟာကွက်ကြောင့် အဓမ္မ လုပ်အားပေး လမ်းပွင့်နေဟု အိုင်အယ်လ်အို ပြော

ဖွဲ့စည်းပုံ ဥပဒေ ဟာကွက်ကြောင့် အဓမ္မ လုပ်အားပေး လမ်းပွင့်နေဟု အိုင်အယ်လ်အို ပြော
မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ရပ်တန့်နိုင်ရေး သေချာစေရန်အတွက် နောင်နှစ်တွင် အတည်ဖြစ်တော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ပါ ချွတ်ယွင်းအားနည်းချက်များကို ဖြေရှင်းရန်နှင့် တည်ဆဲဥပဒေများကို ပြင်ဆင်ပေးပါရန် မြန်မာစစ်အစိုးရအား နိုင်ငံတကာ အလုပ်သမား စံညွှန်းများကော်မတီက တောင်းဆို ...

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ရပ်တန့်နိုင်ရေး သေချာစေရန်အတွက် နောင်နှစ်တွင် အတည်ဖြစ်တော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ပါ ချွတ်ယွင်းအားနည်းချက်များကို ဖြေရှင်းရန်နှင့် တည်ဆဲဥပဒေများကို ပြင်ဆင်ပေးပါရန် မြန်မာစစ်အစိုးရအား နိုင်ငံတကာ အလုပ်သမား စံညွှန်းများကော်မတီက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် တခုမှအပ ကျန်ပြည်နယ်နှင့် တိုင်း အားလုံးတွင် အဓမ္မလုပ်အားပေး ဆက်လက်ခိုင်းစေဆဲရှိကြောင်းနှင့် မြန်မာအာဏာပိုင်များအနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေး ဆန္ဒမရှိကြောင်းဖြင့် ၁၉၃ဝ အဓမ္မလုပ်အားပေး စာချုပ်ကို ရည်ညွှန်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ကျွမ်းကျင်မှုကော်မတီတရပ်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။  

အဓမ္မလုပ်အားပေးကို ထိရောက်စွာ တားဆီးပိတ်ပင်နိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊ အဆိုပါ ပိတ်ပင်တားဆီးမှုများကို လူသိရှင်ကြားကြေညာရန်နှင့် ချိုးဖောက်သူများကို အရေးယူ အပြစ်ပေးရန် အဆိုပါ ကော်မတီက မြန်မာအစိုးရကို ပြောဆိုလိုက်သည်။

အဆိုပါ ကော်မတီက မြန်မာစစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုပုံအပေါ် သဘောမတူဘဲ၊ အထူးသဖြင့် ‘အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်း’ ဆိုသည့် ပြဋ္ဌာန်းချက်စာပိုဒ်သည် အဓမ္မလုပ်အားပေး ခိုင်းစေနိုင်ရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်ဟု ဆုံးဖြတ်သည်။

ထို့ပြင် ‘အဓမ္မခိုင်းစေခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်းတို့ကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များက အတိအလင်း တားမြစ်ထားသည် ဆိုစေဦး၊ ဥပဒေတရပ်ရပ် ပြုလုပ်၍ ဤကိစ္စများကို ပြုလုပ်စေနိုင်သဖြင့် ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်များမှာ အလုပ်မဖြစ်နိုင်’ ဟု ကော်မတီ၏ ယင်း၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် စစ်အစိုးရကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော ဆန္ဒခံယူပွဲတွင် ၉ဝ ရာခိုင်နှုန်းကျော်သော မဲပေးသူများက ထောက်ခံခဲ့ကြပြီးဖြစ်သည်ဟု ပြောဆိုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) အပိုဒ် ၁၅ ပါ ပြဋ္ဌာန်းချက်ဖြစ်သော ‘နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်း ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတပါး အဓမ္မခိုင်းစေခြင်းကို တားမြစ်သည်’ ဟူသော စာပိုဒ်ကို ရည်ညွှန်းကာ ကော်မတီ၏ အမြင်ကို ပြစ်တင်မောင်းမဲပြောဆိုလိုက်သည်။

ILO အဖွဲ့ကြီးက ဥပဒေပြင်ဆင်ရေးနှင့် ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်ပါရန် တောင်းဆိုနေသော စာပိုဒ်များမှာလည်း အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ အပိုဒ် ၁၅ (ပုဒ်မ ၃၅၉) နှင့် ကျေးရွာများနှင့် မြို့များ ဥပဒေများတို့ပါ ပြဋ္ဌာန်းချက်များပင် ဖြစ်သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) က တင်ပြတိုင်တန်းခဲ့သော စာမျက်နှာ ၆ဝဝ ပါ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း အထောက်အထားများကို တုံ့ပြန်ဆောင်ရွက်ပေးသည့်အနေနှင့် မြန်မာစစ်အစိုးရသည် ထိုသို့ တင်ပြတိုင်တန်းလာသော ကိစ္စရပ်များကို ကိုင်တွယ်အရေးယူ ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ပြီး၊ မြန်မာနိုင်ငံ အထွေထွေ အခြေအနေများနှင့် စပ်လျဉ်း၍ ယခင်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကိုသာ ကြက်တူရွေးလို တစာစာ ရွတ်နေခဲ့သည်။ အစိုးရ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ ထောက်ခံတင်ပြနိုင်သော သက်သေခံချက်များကိုလည်း တင်ပြနိုင်ခြင်း မရှိခဲ့ဟု ILO ကော်မတီက စွပ်စွဲပြောဆိုလိုက်သည်။

ITUC က တင်ပြခဲ့သော အထောက်အထားများတွင် ကရင်နှင့် ချင်းကျေးရွာများတွင် မြန်မာစစ်တပ်က တိုက်ရိုက် တောင်းဆိုခိုင်းစေသော အဓမ္မလုပ်အားပေး ဖြစ်ရပ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ၌ အဓမ္မလုပ်အားပေးခိုင်းစေခြင်း ကိစ္စများ ပါဝင်သည်။

ဤသို့ အခွင့်အရေး ချိုးဖောက်မှုများအတွက် မှုခင်းအဖြစ်အပျက် ၃ ခုမှအပ မည်သည့် စစ်ဖက်ဝန်ထမ်းကိုမျှ တာဝန်ရှိကြောင်း အရေးယူခဲ့ခြင်းမျိုး မရှိဘဲ၊ အဆိုပါ ကိစ္စရပ် ၃ ခုတွင်လည်း လစာလျှော့ချခြင်း၊ ရာထူးတိုးမှုကို ရပ်ဆိုင်းထားခြင်း တို့ကိုသာ ပြုလုပ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း သတိပေးခြင်း မပြုလုပ်ခဲ့ဟု ကော်မတီက ယင်း၏ တွေ့ရှိဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားသည့်အနေနှင့် မြန်မာစစ်အစိုးရကို သတိပေးပြောကြားခဲ့သည်။

သို့သော် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) တို့ကမူ မြန်မာစစ်အစိုးရဘက်မှ ဝင်ရောက်ကာကွယ် ပြောဆိုပေးခဲ့ကြပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က မြန်မာစစ်အစိုးရ၏ အဓမ္မ လုပ်အားပေးခိုင်းစေမှု ရပ်တန့်ရေးအတွက် ယနေ့အထိ အပြုသဘောဆောင်သော အောင်မြင်မှုများကိုသာ အဓိကထား ပြောဆိုလိုကြသည်။ စင်္ကာပူနိုင်ငံကမူ အဓမ္မ လုပ်အားပေး ခိုင်းစေမှုကိစ္စနှင့် ဆက်စပ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စရပ်ကို တင်ပြအရေးဆိုခဲ့ကြသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများကို ဝေဖန်ပြောကြားခဲ့သည်။

သူမ၏ နေအိမ်အကျယ်ချုပ် စည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အမှုဆိုင်နေရသည်။ အကဲခတ်နှင့် ဝေဖန်သူအများအပြားကမူ ဤစွပ်စွဲချက်များသည် နိုင်ငံရေးအရ စွဲဆိုချက်သက်သက်မျှသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။

ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံရသော ဝန်ကြီးချုပ်ဦးနု၏ လက်ထက်တွင် အာဆီယံအဖွဲ့ဝင် ဖီလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့ထက် အနှစ် ၅ဝ စော၍ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းစာချုပ်ကို ၁၉၅၅ ခုနှစ်က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ၁၉၃ဝ ခုနှစ် စာချုပ်ကို အတည်မပြုရသေးသည့် နိုင်ငံများထဲတွင် အမေရိကန်၊ တရုတ်၊ ကနေဒါ ၃ နိုင်ငံ ပါဝင်သည်။

အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးသို့ မြန်မာနိုင်ငံ အခြေအနေအား လွှဲပြောင်းတိုင်တန်းရန် ကိစ္စကိုမူ ကော်မတီက ဆန့်ကျင်ရန် ဆုံးဖြတ်သည်။

Most read this week