ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အပေါ် ထိုးစစ်ဆင်မှုများအတွက် ပြင်ဆင်မှုများ ပြုလုပ်လာနေရာ မနက်ဖြန်ဆိုလျှင် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ဖွယ် ရှိကြောင်း ကရင် အရာရှိတဦးက ပြောဆိုလိုက်သည်။
“အခုတော့ သူတို့က တိုက်ဖို့ပြင်နေတဲ့ အနေအထားပါ။ မနက်ဖြန်လောက်တော့ တိုက်ပွဲစပြီလို့ ကျနော်ထင်တယ်။”ဟု KNLA ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သော KNLA တပ်မဟာ (၇) ၏ ဘားအံခရိုင် ဒေသကို စစ်အစိုးရ တပ်များနှင့်အတူ ငြိမ်းချမ်းရေး ယူထားသော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ တပ်မဟာ ၉၉၉၊ ၃၃၃ နှင့် ၅၅၅ တို့လည်း ပူးပေါင်းပါဝင်ထားပြီး ယမန်နေ့က တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်။
နောက်ထပ်လည်း စစ်အစိုးရဘက်မှ တပ်များ ထပ်ဆင်းလာနေပြီး ယနေ့တွင်မူ တိုက်ပွဲကို ရပ်နားထားကြောင်း သိရသည်။
တိုက်ပွဲကို ရှောင်တိမ်းရန် ဘားအံဒေသခံ ကရင်လူမျိုး ရဝဝ ကျော် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ တိမ်းရှောင်လာခဲ့ကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး တော်လှန်ရေးအဖွဲ့ဖြစ်သည့် KNU ကြီးစိုးရာနေရာများကို စစ်အစိုးရက စခန်းသိမ်း တိုက်ပွဲများ ပြုလုပ်လာနေစဉ်တွင် ကရင်ခွဲထွက်အဖွဲ့ တခုဖြစ်သည့် DKBA တွင်တော့ တပ်အသစ်များ တိုးချဲ့ဖွဲ့စည်းနေသော သတငး်များလည်း ထွက်ပေါ်နေသည်။