ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတရားရုံးတွင် ယနေ့ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက စွဲဆိုထားသော အမှု၏ တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇွန်လ ၁၂ ရက်နေ့အဖြစ် ချိန်းဆိုလိုက်သည်။
နံနက် ၁ဝ နာရီကစတင်သော တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုဆိုင် လေးဦးလုံး ရောက်ရှိလာခဲ့သော်လည်း စစ်ဆေးကြားနာမှု ပြုလုပ်ခြင်း မရှိဘဲ ရုံးချိန်းသာ ပေးလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြထားသော သက်သေ ၃ ဦးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်း တရားရုံး (စုပေါင်းရုံးအဆောက်အဦ) တွင် ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြုလုပ်မှာဖြစ်သည်။
တင်ပြထားသော သက်သေများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ ရှေ့နေ ဒေါ်ခင်မိုးမိုးတို့ ဖြစ်သည်။