ချင်းမိုင် (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ကာကွယ်ရေးဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က မကြာသေးခင်က ထုတ်ဖော်ပြောဆိုသည်။
စင်္ကာပူနိုင်ငံအခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိကျင်းပသည့် ၈ ကြိမ်မြောက် The Shangri- La Dialogue အစည်းအဝေးတွင် သူကပြောခဲ့ခြင်း ဖြစ်သည်။
ယခုကိစ္စမှာ ပြည်တွင်းရေး ပြဿနာကိုကိုယ်ပိုင် တရားစီရင်ရေး စနစ်ဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းခြင်းဖြစ်သဖြင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာ မရောက်သကဲ့သို့ ဒေသတွင်းလုံခြံုရေးကို ချိုးဖောက်ရာလည်း မရောက်ကြောင်း သူက ပြောဆိုခဲ့သည်ဟုယနေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အစည်းအဝေးတက်ရောက်သူ နိုင်ငံတကာမှ ကာကွယ်ရေး ထိပ်တန်းခေါင်းဆောင်များ၏မြန်မာ့နိုင်ငံရေးအပေါ် ဆွေးနွေးမှုကို သူက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်စုမှာနိုင်ငံခြားသားကို လက်ခံတွေ့ဆုံခဲ့ပြီး သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သဖြင့်ယခုကဲ့သို့ အရေးယူရကြောင်းနှင့် နိုင်ငံတကာ အနေဖြင့်လည်း မြန်မာပြည်၏ ပြည်တွင်းရေး ပြဿနာများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်ပြောဆိုလိုက်ကြောင်း သတင်းစာထဲတွင် ဆက်လက် ဖော်ပြထားသည်။