ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုကြောင်း အရှင်ဂမ္ဘီရ ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုကြောင်း အရှင်ဂမ္ဘီရ ဆန္ဒပြ
by -
ဖနိဒါ
အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့လိုကြောင်း ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက အကျဉ်းကျနေသည့် စစ်ကိုင်းတိုင်း ခန္တီးထောင်ထဲ၌ အော်ဟစ် ဆန္ဒပြခဲ့ကြောင်း မယ်တော် ဒေါ်ရေးက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့လိုကြောင်း ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက အကျဉ်းကျနေသည့် စစ်ကိုင်းတိုင်း ခန္တီးထောင်ထဲ၌ အော်ဟစ် ဆန္ဒပြခဲ့ကြောင်း မယ်တော် ဒေါ်ရေးက ပြောသည်။

ကမ္ဘာကျော် သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသည့် ဆရာတော်က ယခုလို အော်ဟစ် ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။

“အစက လမ်းလျှောက်ခွင့် မရဘူးလေ။ နောက်တော့ လမ်းလျှောက်ခွင့် ပေးတယ်။ သူက လမ်းလျှောက်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်၊ သန်းရွှေကို ထိပ်တိုက်တွေ့ချင်တယ်ဆိုပြီး အော်ပြောတယ်တဲ့့။ အချိန်ပြည့်သွားတော့ အထဲကို ဆွဲသွင်းမလို့လုပ်တော့ ဦးဇင်းက ကြမ်းပြင်ကိို ထိုင်ချလိုက်တယ်တဲ့၊ မဝင်နိုင်ဘူး ပြောတယ်။ သူ့ကို လုံခြံုရေးက ဆွဲတာကို လက်သီးထိုးလိုက်တော့ အင်အားသုံးပြီး အထဲကို ပြန်သွင်းလိုက်တယ်လို့ ကြားရတယ်” ဟု မယ်တော် ဒေါ်ရေးက မဇ္စျိမကို ပြောသည်။

အဆိုပါ ဆန္ဒပြမှုကြောင့် ယခုအခါ ဦးဂမ္ဘီရအား စစ်ကိုင်းတိုင်း ခန္တီးထောင်အတွင်းမှ ကလေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည့် သတင်းလည်း ပေါ်ထွက်နေသည်။    

“နေတော့ကောင်းတယ်၊ စိတ်က သားတွေဆီ ရောက်နေတယ်။ သွားချင်နေတယ်။ ကလေးကို ပြောင်းတယ်လို့ အစောကတည်းကနေ ကြားနေတယ်။ စုံစမ်းတုန်း” ဟု ဒေါ်ရေးက ဆိုသည်။    

သားများဖြစ်သည့် ကိုအောင်ကျော်ကျော်သည် ရှမ်းပြည်နယ် တောင်ကြီးထောင်နှင့် ကိုအောင်ကိုကိုလွင်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွင် အကျဉ်းကျနေပြီး၊ သူတို့နှင့် ယောက်ဖတော်သူ ကိုမိုးထက်လျှံမှာ မွန်ပြည်နယ် မော်လမြိုင်ထောင်တွင် ကျခံနေရသည်။

အဆိုပါ ဒေသများသို့ ထောင်ဝင်စာ သွားတွေ့ရန်အတွက် ငွေကြေးအခက်အခဲ ရှိကြောင်းနှင့် အရှင်ဂမ္ဘီရနှင့် ကိုအောင်ကျော်ကျော်အတွက် အယူခံစာ တင်သွင်းသွားမည်ဟု ဒေါ်ရေးက ပြောသည်။
 

Most read this week