ဘီဂျလီကို စိုးရိမ်၍ ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့ကြ

ဘီဂျလီကို စိုးရိမ်၍ ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့ကြ
by -
ဖနိဒါ
ဘီဂျလီ မုန်တိုင်း သတိပေးချက် ထွက်ပေါ်လာပြီးနောက် စိုးရိမ်နေသော နာဂစ်သင့် ဧရာဝတီတိုင်းမှ ကျေးလက် ဒေသခံအချို့ ကုန်းတွင်းပိုင်း ဒေသများသို့ ပြောင်းရွှေ့မှုများ ရှိနေကြောင်း မျက်မြင်သက်သေများက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ဘီဂျလီ မုန်တိုင်း သတိပေးချက် ထွက်ပေါ်လာပြီးနောက် စိုးရိမ်နေသော နာဂစ်သင့် ဧရာဝတီတိုင်းမှ ကျေးလက် ဒေသခံအချို့ ကုန်းတွင်းပိုင်း ဒေသများသို့ ပြောင်းရွှေ့မှုများ ရှိနေကြောင်း မျက်မြင်သက်သေများက ပြောသည်။

“တောက လူတွေကတော့ တက်လာကြပြီ။ မနေ့က ညနေကနေ ဒီနေ့လည်း အများကြီးပဲ။ ကျနော်တို့ မြို့ပေါ်ကို တက်လာကြတယ်။ ရွာတိုင်းလိုလို တက်လာကြပြီ။ ဟိုတခါ ဖြစ်ကတည်းကနေ ကြောက်နေကြတယ် ဆိုတော့ သိပ်ကြောက်နေကြတယ်လေ။ လေတော့ အခုထိ တိုက်နေတာပဲ။ ရွာတွေက ရွှေ့လာတာတော့ ထောင်ဂဏန်း အထက်လောက် ရှိမယ်” ဟု ဧရာဝတီိတိုင်း လပွတ္တာမြို့ခံတဦးက မဇ္ဈိမသို့ ဆိုသည်။

လပွတ္တာမြို့နယ်အတွင်း ကညင်ကုန်း၊ ရွာမကြီး အပါအဝင် ကျေးရွာအုပ်စု ၁၂ အုပ်စု ထက်မနည်း ရှိနေရာ ရွာသား အများအပြားသည် မြို့ပေါ်ရှိ ဆုတောင်းပြည့်ဘုရား၊ သရက်တော ဘုန်းကြီးကျောင်း အပါအဝင် ဘုန်းကြီးကျောင်းများနှင့် မိတ်ဆွေသင်္ဂဟများ၏ နေအိမ်များသို့ လာရောက် ခိုလှုံနေခြင်း ဖြစ်သည်။

ငပုတောမြို့နယ် သင်္ကန်းကုန်းရွာမှ ကျေးရွာသူ တဦးကလည်း “ဒီနေ့မနက် အစောကြီးကနေ သမီးတို့ရွာကို တက်လာကြတယ်။ တောင်ကလေးရွာ၊ အောက်ပြွန်ဝရွာတို့က လူတွေ တက်လာတယ်။ သူတို့ အသိအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာပေါ့။ အောက်ပြွန်ဝရွာကဆို တရွာလုံး တက်လာကြပြီ။ သမီးတို့ကတော့ အိတ်တွေတော့ ထုတ်ထားတာပဲ။ သမီးတို့ရွာက နည်းနည်းမြင့်တယ်လေ။ နာဂစ်တုန်းကတော့ တော်တော်လေး သေကြတယ်။ အခု သွားမယ်ဆိုရင်လည်း သဘောင်္လည်း မရှိဘူး။ တချို့ ပုသိမ်တို့ သွားကြတယ်လေ။ အခုတော့ အထုပ်တွေ ပြင်ထားပါတယ်” ဟု ဆိုသည်။

ဘိုကလေးမြို့ခံတဦး က “MRTV 4 ကနေ ကြေညာနေတာ ကြည့်ပြီး လူတွေက ကြောက်နေတယ်။ … ရွာကလူတွေက ဒီမနက်မှ တက်နေဆိုတော့ လာကြမှာပဲ။ နောက်ထပ် လာမယ့် သတင်းက ဘာမှ မရှိသေးဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် သတိဝိရိယနဲ့ ပြင်ဆင်နေရတာပေါ့။ အရင်လို ပစ်စလက်ခတ် မနေတော့ဘူးပေါ့နော်” ဟု ပြောသည်။

ဘင်္ဂလား ပင်လယ်အော်အတွင်း ဗဟိုပြု ရွေ့လျားနေသော ဘီဂျလီမုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားနေရာ မြေပြင်ရေပြင်လေသည် တနာရီ မိုင် ၈ဝ ခန့်အထိ တိုက်ခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသ သတင်းဌာနက ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရေဒီယိုက ထုတ်ပြန် ကြေညာထားသည်။

“မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေသည် ရခိုင်ကမ်းရိုးတန်း တလျှောက်တွင် (၆ ပေမှ ၁၂ပေ ခန့်) မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း တလျှောက်တွင် (၄ ပေမှ ၆ ပေခန့်) မြင့်တက်လာနိုင်ပြီး အမြင့်ဆုံး ဒီရေလှိုင်းများကို ကျောက်ဖြူ၊ သံတွဲ တလျောက်တွင် ကြံုတွေ့နိုင်ပါသည်။“ ဟု သတင်းတွင် ပါရှိသည်။

Most read this week