ဒါကာ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ မုန်တိုင်းကျနိုင်ကြောင်း စစ်အစိုးရက သတိပေးနှိုးဆော်မှုများ ပြုလုပ်နေသလို၊ ပြည်နယ်အတွင်း မြို့နယ်အချို့၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသည်။
ဘီဂျလီ (Bijli) မုန်တိုင်းသည် ဘင်္ဂလားပင်အော်အတွင်း ရှိနေပြီး လာမည့် ၈ နာရီအတွင်း ကျရောက်နိုင်ကြောင်း ယနေ့နံနက် ၆ နာရီမှ စတင်ကာ စစ်အစိုးရက MRTV 3 နှင့် ရေဒီယိုမှ တနာရီခြားတခါ ကြေညာနေသကဲ့သို့၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူတွင် မိုးရွာနေခြင်း ဖြစ်သည်။
“မုန်တိုင်းသတိပေးချက်ကို ရေဒီယိုကနေ တနာရီခြား တခါလောက်တော့ ထုတ်လွှင့်နေတယ်။ ကျနော်တို့ ဆီမှာတော့ မိုးနည်းနည်းရွာနေတာက လွဲလို့ ဘာမှ ထူးခြားမှု မရှိဘူး။ ဒါပေမဲ့ နာဂစ်ဖြစ်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်” ဟု စစ်တွေမှ ကိုသောင်းရွှေက မဇ္စျိမကို ပြောသည်။
“ဒေသခံ အာဏာပိုင်တွေကတော့ ဘာမှ ပြောတာ မရှိသေးဘူး။ မုန်တိုင်းဝင်လာရင် ဘယ်နေရာမျိုးကို သွားရောက်ခိုလှုံရမယ် ဆိုတာတွေလည်း ပြောတာ မရှိသေးဘူး။ အခု လောလောဆယ် ကျနော်တို့ဆီမှာ မိုးရွာနေတယ်။ မနေ့ ညကတည်းက ရွာနေတာ” ဟု ကျောက်ဖြူမြို့ခံ ကိုတင်အောင်က ပြောသည်။
အလားတူ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ဘက်တွင်လည်း မိုးရွာနေသော်လည်း ဒေသအားလုံးတွင် လေပြင်းတိုက်ခတ်မှု မရှိသေးပါ။
လူထုအနေဖြင့် ရေဒီယိုမှတဆင့် မုန်တိုင်းအခြေအနေကို အရေးစိုက် နားထောင်နေကြပြီး တံငါသည်များလည်း ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်နိုင်ဘဲ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
တနာရီလျှင် လေတိုက်နှုန်း ၄ဝ-၄၅ မိုင် အရှိန်ဖြင့် ဘီဂျလီ (Bijli) အမည်ရှိ မိုးရာသီ ဆိုင်ကလုံး မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း ယခုလ ၁၄ ရက်နေ့ကတည်းက စတင်ဖြစ်ခဲ့ပြီး၊ ယခုအခါ ရခိုင်ပြည်နယ်ဘက်သို့ ဦးလှည့်ရွေ့လျားလာခြင်း ဖြစ်သည်။
မုန်တိုင်း ကျနိုင်သည့်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဘင်္ဂလားပင်လယ်အော် ကမ်းခြေရှိ ပြည်သူများကို ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများကို ရပ်ဆိုင်းထားရန် အသံလွင့်ဌာန BTV နှင့် ဒါကာထုတ် သတင်းစာတချို့တွင် သတိပေး ထုတ်ပြန်မှုများ ပြုလုပ်နေသည်။
လေပြင်းတိုက်ခတ်မှု မရှိသေးသော်လည်း စစ်တကောင်းတိုင်း တခုလုံးတွင် ယမန်နေ့ ညနေကတည်းက ယနေ့နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနေသည်။
“တီဗွီကနေ မုန်တိုင်းတိုက်မယ်လို့ သတင်းကြားလို့ မနေ့ကတည်းက ပင်လယ်ကို မထွက်တော့ဘူး။ လောလောဆယ် ကျနော်တို့ဆီမှာ မိုးတွေ ရွာနေတယ်။ လေတော့ မတိုက်သေးဘူး” ဟု တက္ကနာမြို.ခံတဦးက မဇ္စျိမကို ပြောသည်။
အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းအခြေစိုက် JTWC ဟု ခေါ်ဆိုသည့် အမေရိကန် တိုင်ဖုန်းမုန်တိုင်း ပူးတွဲ သတိပေးရေးဌာနက ဘင်္ဂလား ပင်လယ်အော်အတွင်း ပေါ်ပေါက်နေသော မိုးရာသီ ဆိုင်ကလုံး လေဖိအားနည်း ရပ်ဝန်းကြောင့် ပင်လယ်ပြင်အတွင်း ၁၂ ပေရှိ လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ကြောင်း ကြေညာထားသည်။
၂ဝဝ၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့သလို၊ မြန်မာစစ်အစိုးရ၏ ကြိုတင် သတိပေးမှု ပျက်ကွက်ခဲ့သဖြင့် လူပေါင်း တသိန်း ၄ သောင်းကျော် အသေအပျောက်ရှိခဲ့သည်။