ချင်းမိုင် (မဇ္စျိမ)။ ။ နိုင်ငံရေး ထွက်ပေါက်တခု ရနိုင်ရန် ရည်ရွယ်၍ အန်အယ်ဒီက ၎င်းတို့၏ အထူးကြေညာချက်အမှတ် (၁၈/ ဝ၉/ဝ၈) ပါ အချက်များနှင့် ထပ်တိုးထုတ်ပြန်သော အချက်များအပေါ် ပြန်လည် သုံးသပ်နေသည်။
အထူးကြေညာချက်အတွင်း ဖော်ပြထားသည့် လွှတ်တော်ခေါ်ယူပေးရေး ဆိုသည်မှာ အာဏာရယူရေး မဟုတ်ဘဲ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်၍ အတည်ပြုရေး အတွက်သာဖြစ်ကြောင်း အန်အယ်ဒီက ပြောသည်။
အဆိုပါ လုပ်ငန်းစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လူချင်းတွေ့ဆုံဆွေးနွေးခြင်းဖြင့် စတင်သင့်ကြောင်းနှင့် ယင်းသို့တွေ့ဆုံခြင်းသည်လည်း ကြိုတင်သတ်မှတ်ချက် မဟုတ်ကြောင်း အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။
“ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တဲ့အခါ အခြေခံဥပဒေပြင်ရေး လက်ခံလိုက်ပြီဆိုရင် ဒါ အားလုံးက ပြီးသွားပြီပေါ့ဗျာ။ အဲဒီကျတော့ကာ လွှတ်တော်ခေါ်ပြီးမှ ကော်မတီဖွဲ့မယ့်အစား တခြားနည်းလမ်း ရှိဦးမလား။ နောက်ဆုံးအဆင့်မှာတော့ လွှတ်တော်မပါဘဲနဲ့လည်း မဖြစ်ဘူးလေ။ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရမှာကိုး။ ဆွေးနွေးပွဲလုပ်ပြီးတဲ့နောက် နှစ်ဦးနှစ်ဖက် ကျေလည်သွားလို့ရှိရင် ကော်မတီတရပ် ဖွဲ့ပြီးတော့ လွှတ်တော်မှာ တင်ပြီးတော့ကာ အတည်ပြုလို့ရှိရင် ဖြစ်နိုင်မလားဆိုတဲ့ option တွေ စဉ်းစားကြတာ။ အဓိကက ယုံကြည်မှုပေါ် မူတည်တာပေါ့” ဟု သူက ပြောသည်။
အထူးကြေညာချက် ၁၈ ၌ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နအဖတို့က “အတင်းအဓမ္မ” အတည်ပြု ထားခြင်းဖြစ်ပြီး၊ ပြည်သူအားလုံး၏ ဆန္ဒနှင့် ကိုက်ညီခြင်း မရှိသဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၃) နှင့်အညီ အနိုင်ရ နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို အာဏာပိုင်များက အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန် ပါဝင်သည်။
ယင်းပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီကို ၁၉၉ဝ ခု ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များဖြင့် ဖွဲ့စည်းပေးရန် ဖြစ်သည်။
ပြည်သူများအတွက် စစ်မှန်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရစေချင်သည့် အန်အယ်ဒီသည် ရွေးကောက်ပွဲပြီးကာစ၌ အာဏာလွှဲပြောင်းရေး ကိစ္စများကို အာရုံစိုက်ခဲ့သော်လည်း နောက်ပိုင်း၌ ပြောင်းလဲသွားသည့် အခြေအနေ အရပ်ရပ်ကိုလည်း လက်ခံနိုင်ခဲ့ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
“အနိုင်ရပါတီကို တကယ်ပဲ လွှတ်တော်ခေါ်ပေးပြီးတော့ အာဏာ သုံးရပ်ကို လွှဲပြောင်းပေးမယ် ထင်ခဲ့ကြတာကိုး။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ဒီအပေါ်မှာ ရှင်းလင်းချက် ထုတ်မထားတဲ့ အခါကျတော့ အစဉ်အလာအားဖြင့် ဒီလိုပဲ ရှိတာကိုး။ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ လွှတ်တော်ခေါ်ပေးရမယ် ဆိုပေမဲ့ ဒီလွှတ်တော်က ဖွဲ့စည်းပုံမှာ ဒီမိုကရက်တစ်ဖြစ်တဲ့ အချက်အလက်တွေကို နှစ်ဖက် တူညီတဲ့ သဘောထားအရ ထည့်သွင်းပြင်ဆင်ပြီး ပြန်လည် အတည်ပြုပေးဖို့ပဲ ဖြစ်တယ်။ အာဏာသုံးရပ်နဲ့ ဘာမှ မဆိုင်ဘူး” ဟု သူက ပြောသည်။
သို့သော် ပြီးခဲ့သည့် ၆၄ နှစ်မြောက် တော်လှန်ရေးနေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်သူလူထုက အတည်ပြုပေးထားပြီး ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးမှု လုံးဝမပြုမိရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
ဦးခင်မောင်ဆွေကမူ “ဒါကတော့ဗျာ။ ၂ဝဝ၈ ခု အခြေခံဥပဒေမှာ အခြေခံအချက်တွေကို ပြင်ဆင်ခွင့်ရှိတယ်ဆိုတာက ပါနေတယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းတဲ့ဥစ္စာက ဖျက်လိုဖျက်ဆီးလုပ်တာ မဟုတ်လို့ရှိရင် ပြင်ဆင်သုံးသပ်ခွင့် ရှိနေတာပဲ။ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်က ရှိနေတာပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဥပဒေတွေဟာ တခါတည်းဆွဲပြီး တခါတည်း ပြီးသွားတာမှ မဟုတ်ဘဲ။ ပြင်ဆင်ခွင့်ရှိတဲ့ အခြေခံဥပဒေဟာ ပြင်ဆင်ခွင့်တောင်းဆိုတာဟာ မထိပါးနဲ့ဆိုတာနဲ့ မဆိုင်ပါဘူး” ဟုပြောသည်။
အထူးကြေညာချက် ထုတ်ပြီးနောက် ပြည်ထဲရေးရုံး၌ ရဲချုပ်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံကြရာ ရဲချုပ်က အထူးကြေညာချက်အမှတ် ၁၈ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသည့်ကိစ္စ ရေးသား ဖော်ပြခဲ့သည်ကို ပြန်လည် ရုပ်သိမ်းရန်နှင့် မရုပ်သိမ်းပါက တရားစွဲနိုင်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် အန်အယ်ဒီဘက်က လက်မခံနိုင်ကြောင်း အကြောင်းပြန်ခဲ့သေးသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက နဝတ-နအဖ စစ်အစိုးရ အဆက်ဆက်ကို တိုက်တွန်း တောင်းဆိုခဲ့သည်မှာလည်း ၁ဝ ကျော်ခဲ့ပြီ ဖြစ်သည်။