ဗြိတိလျှ ကမ္ဘာလှည့် သတ်ဖြတ်ခံရမှု မြန်မာလူမျိုး ၃ ဦးကို မသင်္ကာ

ဗြိတိလျှ ကမ္ဘာလှည့် သတ်ဖြတ်ခံရမှု မြန်မာလူမျိုး ၃ ဦးကို မသင်္ကာ
by -
ဥဆာ ဖိချိုင်း
ဗြိတိသျှလူမျိုး ကမ္ဘာလှည့် ခရီးသည်တဦးကို မြန်မာနိုင်ငံမှ မသင်္ကာဖွယ် ရွှေ့ပြောင်းအလုပ်သမား ၃ ဦးက ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး ဗြိတိလျှ သံရုံး ကိုယ်စားလှယ်များက စုံစမ်း စစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ဗြိတိသျှလူမျိုး ကမ္ဘာလှည့် ခရီးသည်တဦးကို မြန်မာနိုင်ငံမှ မသင်္ကာဖွယ် ရွှေ့ပြောင်းအလုပ်သမား ၃ ဦးက ထိုင်းနိုင်ငံ တောင်ပိုင်းတွင် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး ဗြိတိလျှ သံရုံး ကိုယ်စားလှယ်များက စုံစမ်း စစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေသည်။

ဆတွန်း (Satun) ပြည်နယ် ခိုဒုန်း (Koh Dong) ကျွန်းအနီး သူ၏ ဇနီးဖြစ်သူ လင်ဒါ (Linda) (၅၈ နှစ်) နှင့် ရွက်လှေ စီးနေစဉ် တနင်္လာနေ့က သတ်ဖြတ်ခံလိုက်ရသည့် အသက် ၆၄ နှစ်အရွယ် ဗြိတိလျှလူမျိုး ကမ္ဘာလှည့်ခရီးသည် မယ်လ်ကွမ်စတူးဝပ်ရောဘတ်ဆန် (Malcolm Stuart Robertson) ၏ ရုပ်အလောင်း ရှာဖွေခြင်းကို ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိလျှ ဒုတိယ သံအမတ်ကြီး ဒယ်နီယယ်ပရူးစ် (Daniel Pruce) က ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးနေသည်။

သင်္ကာမကင်း ခံရသူများက ရောဘတ်ဆန်၏ ရွက်လှေပေါ်တွင် ကရော်ကမယ်ဖြင့် လုယက်ရန် ကြိုးစားမှုအပြီး ပင်လယ်ထဲသို့ အလောင်းကို ပစ်ချခဲ့သည်ဟု ထိုင်းအာဏာပိုင်များထံ ထွက်ဆိုခဲ့အပြီး ထိုင်းအာဏာပိုင်များသည် ရေတပ်သင်္ဘော ၃ စင်း၊ ကင်းလှည့်လေယာဉ် တစင်း၊ စစ်ရဟတ်ယာဉ် ၂ စင်းတို့ကို ထိုင်းဒေသခံ ငါးဖမ်းလှေ အစီး ၁ဝဝ နှင့်အတူ ပူးပေါင်း ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဆတွန်းပြည်နယ် အုပ်ချုပ်ရေးမှူး Sumeth Chailertwanitkul က ပြောသည်။

ဤသို့ ရော်ဘတ်ဆင်ကို သတ်ဖြတ်၍ ပင်လယ်ထဲသို့ အလောင်းကို ပစ်ချအပြီး၊ ဤသင်္ကာမကင်းခံရသူ ၃ ဦးသည် သေသူ၏ ဇနီးကို လှေကမ်းသို့ ပြန်ကပ်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က အဆိုပါ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို ရွက်လှေမှ မိုင်ဝက်ခန့်အကွာ ဖောင်တစင်းပေါ် မှ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့သည်။ သူတို့ အားလုံးကို ချုပ်နှောင်ထားဆဲ ဖြစ်သည်။

မည်သည့် သက်သေခံလက်မှတ် အထောက်အထားမှ မရှိသည့် အဆိုပါ တရားခံ ၃ ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိ ကို၊ ၁၉ နှစ်ရှိ အစ် (နု) နှင့် ၁၈ နှစ်ရှိ အောင်း (Aow) တို့ ဖြစ်ကြသည်။ ရုပ်အလောင်းကို မတွေ့ရှိရသေးသဖြင့် ယခုအထိ သူတို့ကို လက်ရောက်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှုတို့ဖြင့်သာ စွဲဆိုထားသည်။

“မသင်္ကာခံရသူများသည် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြပြီး၊ ယခုအခါ ပြည်နယ်အာဏာပိုင်များက ဤရွှေ့ပြောင်းနေထိုင်သူများအပေါ် တင်းကြပ်မှုများ တိုးမြှင့် ပြုလုပ်ထားသည်” ဟု Sumeth ကို ကိုးကားပြီး Thai National News Bureau က ကြာသပတေးနေ့က သတင်းထုတ်ပြန်ထားသည်။

ဆတွန်းပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်အတွင်း ရောက်ရှိနေကြသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အပေါ် စီးနင်း ရှာဖွေမှုများပြုလုပ်ရန် အမိန့်ပေးထားပြီး ဖြစ်သည်။ ဤသို့ ယခင်ကထက် ပို၍ ပြင်းပြင်းထန်ထန် အင်အားသုံး အရေးယူရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Suthep Teuksuban နှင့် ပြည်ထဲရေးဝန်ကြီး Chawarat Chanweerakul တို့က တိုက်တွန်းထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ငါးလုပ်ငန်းများတွင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမား အများအပြား လာရောက် လုပ်ကိုင်နေကြသည်။ ဆတွန်းပြည်နယ် တခုထဲတွင်ပင် အနည်းဆုံးအစီး ၆ဝဝ မျှရှိသော ငါးဖမ်း သင်္ဘော များပေါ်တွင် ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက် လုပ်ကိုင်နေကြသည်။

လင်ဒါရောဘတ်ဆန်မှာ ဗုဒ္ဓဟူးနေ့က ဒေသန္တရဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ဆတွန်းပြည်နယ်ရှိ သူမမိသားစုနှင့် ပြန်လည် ဆုံတွေ့မိပြီ ဖြစ်သည်။

ဤပြဿနာကို ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်များနှင့် The Mirror Foundation တို့က ပူးတွဲ ကျင်းပခဲ့သည့် ထိုင်းငါးဖမ်းလုပ်ငန်း အတွင်းရှိ လူမှောင်ခိုလုပ်ငန်းများ ဆိုသည့် ဆီမီနာတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားလုံခြံုမှုဝန်ကြီး (Issara Somchai) က ထိုင်းနိုင်ငံသည် အာရှတိုက်အောက်ပိုင်းတွင် အများဆုံး ငါးဖမ်းသင်္ဘော အရေအတွက်ရှိပြီး ထိုအထဲမှ အချို့သည် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နှင့် ထိုင်း နိုင်ငံတို့မှ တရားမဝင် အရွယ်မရောက်သေးသည့် အလုပ်သမားများကို အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

“ဤအလုပ်သမားများသည် လူမှောင်ခို လုပ်ငန်း၏ ဓါစာခံများ ဖြစ်လာကြပြိး တခါတရံတွင် ယခု ဆတွန်းပြည်နယ်က အမှုကဲ့သို့ ရာဇဝတ်ကောင်များလည်း ဖြစ်သွားကြသည်” ဟု ဝန်ကြီးက ပြောသည်။

ဧပြီလတွင် ဆုန်ချိုင်း (Somchai) သည် လူမှောင်ခိုမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နှစ်နိုင်ငံအကျိုးတူ စာချုပ်ကို လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။ ထို့ပြင် ရိုဟင်ဂျာလူမျိုး ခိုလှုံခွင့်တောင်း ခံသူများ ကိစ္စကိုလည်း ဆွေးနွေးမည်ဟု ထိုင်းသတင်းစာ ုသာခ့ေိူကနု ၏ ဗုဒ္ဓဟူးနေ့က ရေးသား သတင်းပေးပို့ချက်အရ သိရသည်။