ချင်းမိုင် (မဇ္စျိမ)။ ။ စင်္ကာပူတွင် ဒင်ဒရိုဘီယမ်သစ်ခွ အမည်ရှိ သစ်ခွပန်းတမျိုးကို မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အမည်ပေးသည်ကို ကန့်ကွက်ရန် စင်္ကာပူ လူ့အခွင့်အရေး လှုပ်ရှားသူများက ယမန်နေ့က ကြိုးပမ်းခဲ့ကြသည်။
ကျွန်းနိုင်ငံ၏ သစ်ခွဥယျာဉ်တွင် ကျင်းပသည့် အဆိုပါ အမည်ပေးပွဲသို့ စင်္ကာပူမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ္စတာ Seelan Palay ၊ မစ္စတာ Chia Tilik နှင့် ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာ Ho Choon Hiong တို့က သွားရောက်ကာ ကန့်ကွက်ကြောင်း ပြသရန် ကြိုးစားခဲ့သော်လည်း ပွဲချိန်နှင့် လွဲခဲ့ကြရသည်။
မစ္စတာ Chia Tilik က ''ကျနော်တို့ ပန်းခြံကို ရောက်သွားတော့ ပွဲက ပြီးသွားပါပြီ။ သူတို့က အစီအစဉ်ထဲကအတိုင်း မဟုတ်ဘဲ အချိန်စောလုပ်တဲ့ သဘော ရှိပါတယ်။ အဲဒါနဲ့ ၉ နာရီရီကျော်လောက်မှာ မြန်မာသံရုံးကို သွားပေးတော့ တယောက်မှ ထွက်မယူပါဘူး။ အဲဒါကြောင့် ကျနော်တို့ ပန်းတွေနဲ့ စာကို သံရုံးရှေ့မှာပဲ ထားခဲ့ပြီး ပြန်လာခဲ့ကြပါတယ်” ဟု မဇ္စျိမကို ပြောသည်။
စင်္ကာပူနိုင်ငံ၏ အမှတ်လက္ခဏာတခုဖြစ်သော သစ်ခွပန်း၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော မြန်မာနိုင်ငံ၏ စစ်မှန်သည့် ခေါင်းဆောင်မျိုးကိုသာ ပေးသင့်ပြီး အာဏာရှင် စစ်ဗိုလ်ချုပ်တဦး၏ အမည်ကို မှည့်ခေါ်သည့်အပေါ် လက်မခံနိုင်ဟု လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်သူ မစ္စတာ Chia Tilik က ဆိုသည်။
သူတို့ ၃ ဦးက မြန်မာဝန်ကြီးချုပ်မှတဆင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ သစ်ခွ ၈ ပွင့်နှင့် နှုတ်ခွန်းဆက်ကဒ်အား ပေးပို့နိုင်ရန် သစ်ခွဥယျာဉ်သို့ ယူဆောင် သွားခဲ့ကြသည်ဟု ဆိုသည်။
မြန်မာဝန်ကြီးချုပ်သည် အင်ဒိုနီးရှား ခရီးစဉ်အပြီး စင်္ကာပူသို့ အင်္ဂါနေ့က ရောက်ရှိလာရာ၊ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးက ညစာဖြင့် ဧည့်ခံခဲ့သည်။
ညစာစားပွဲတွင် စင်္ကာပူဝန်ကြီးချုပ်က မြန်မာ စစ်အစိုးရ အနေဖြင့် နိုင်ငံရေးအရ သိသာထင်ရှားသည့် လုပ်ငန်းအဆင့်များ ပြသရန် လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံ နိုင်ငံခြား ခရီးသွားလုပ်ငန်း ကဲ့သို့သော အကျိုးတူ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားသော်လည်း စင်္ကာပူကမူ အဆက်အဆံမပျက် ရှိခဲ့သည်။ စင်္ကာပူသည် မြန်မာအစိုးရ အကြီးအကဲများ၊ စစ်ဗိုလ်ချုပ်များ၏ ကျန်းမာရေး ကုသမှုခံယူရန် အဓိက အားထားရသည့် နိုင်ငံလည်း ဖြစ်သည်။