နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေး စစ်ကိုင်းတောင်မှာ ကျင်းပ

နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေး စစ်ကိုင်းတောင်မှာ ကျင်းပ
by -
ကိုဝိုင်း
၂၁ နိုင်ငံမှ ကိုယ်စားလှယ်များဖြင့် နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကြီးကို စစ်ကိုင်းတောင်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ယမန်နေ့မှစ၍ ကျင်းပနေ ...

ချင်းမိုင် (မဇ္စျိမ)။     ။ ၂၁ နိုင်ငံမှ ကိုယ်စားလှယ်များဖြင့် နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကြီးကို စစ်ကိုင်းတောင်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်၌ ယမန်နေ့မှစ၍ ကျင်းပနေသည်။

“ထေရဝါဒ ဗုဒ္ဓသာသနာကြီးကို ရေရှည်တည်တံ့ပြန့်ပွားရန်၊ ဘာသာဝင်များ စည်းစည်းလုံးလုံး ရှိရန်” မည်သို့ ဆောင်ရွက်ကြမည်ကို ဆွေးနွေးကြမည့် အစည်းအဝေးကြီးကို ယခုလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ယမန်နေ့က အစည်းအဝေးဖွင့်ပွဲတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို အစည်းအဝေး တက်ရောက်လာသော ထိုင်းနိုင်ငံ မဟာမကုဋ် တက္ကသိုလ် ကိုယ်စားလှယ်များက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်ခဲ့သည်။

“ဖွင့်ပွဲနဲ့ဘာနဲ့ လုပ်လိုက်တယ်ပေါ့ တကာကြီး။ ထေရဝါဒ တက္ကသိုလ်များ အစည်းအဝေးပါပဲ။ အစည်းအဝေးက ဒုတိယကြိမ်ပေါ့။ အိမ်ရှင်အနေနဲ့ ကျင်းပတယ်လို့ ပြောရင်လည်း ရပါတယ်။ ဆရာတော်ကြီးက ဦးစီးပြီး ကျင်းပတာပါပဲ။ ဆရာတော်ကြီးကိုလည်း ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်က ဘွဲ့ကပ်ဖြစ်ပါတယ်” ဟု သီတဂူလုပ်ငန်းရုံးမှ အကျိုးဆောင် သံဃာတော်တပါးက မဇ္စျိမကို မိန့်ကြားသည်။

အစည်းအဝေးသို့ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ တောင်အာဖရိက၊ မလေးရှား၊ အင်ဒိုနီးရှား အပါအဝင် ၂၁ နိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဧည့်သည်တော်များ စုစုပေါင်း ထောင်နှင့်ချီ တက်ရောက်နေကြခြင်းဖြစ်သည်။

မတ်လ ၁၀ ရက်နေ့၊ တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် ဆရာတော်ကြီး၏ သက်တော် ရ၂ နှစ်ပြည့် ရ၃ နှစ်မြောက် မွေးနေ့ကိုလည်း ယနေ့အစည်းအဝေးနှင့် တိုက်ဆိုင်ပြီး ကြိုတင်ကျင်းပသည်။

ထို့အပြင် ဆရာတော် အရှင်ဉာဏိဿရ ဆောက်ထားသည့် သီတဂူတက္ကသိုလ်မှ သန္တိမဟာ သိမ်တော်ကြီး ဘွဲ့နှင်းသဘင် ခမ်းမကြီးကိုလည်း ပထမအကြိမ် ဘွဲ့နှင်းသဘင်ဖြင့် ကျင်းပဖွင့်လှစ်ခဲ့သေးသည်။

“ဘွဲ့လည်းပေးပါတယ်။ သီတဂူတက္ကသိုလ်က ပထမအသုတ်နဲ့ ဒုတိယအသုတ် ဘီအေ ပြီးပြီးသား ပုဂ္ဂိုလ်တွေကို ဘွဲ့နှင်းသဘင် ကျင်းပပေးတာ။ မနှစ်က final ပြီးခဲ့တာက ၁၉ ပါး။ ဒီနှစ်လည်း ၁၉ ပါးပါပဲ။ ဘုန်းကြီး၊ သီလရှင်၊ လူကျောင်းသားတွေလည်း ဘွဲ့ရကြပါတယ်။ ဒုတိယအသုတ်ပြီးမှ ဘွဲ့နှင်းသဘင်ကို ဒီနှစ် စပြီးကျင်းပဖြစ်တာ” ဟု အကျိုးဆောင် သံဃာတော်က မိန့်သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၁၉၉၂ ခုမှ စတင်၍ ဒီပလိုမာတန်းများ ပို့ချပြီး၊ ၂၀၀၂-၀၃ ၌ ဘီအေတန်းများပါ တိုးချဲ့ ပို့ချခဲ့သည်။ ၂၀၀၇-၀၈ ပညာသင်နှစ်တွင် ဘီအေ ပထမအသုတ်၊ ၂၀၀၈-၀၉ တွင် ဘီအေ ဒုတိယအသုတ်ပြီးသည်။

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒေါက်တာဘွဲ့(D.Litt)၊ ၂၀၀၅ ခုနှစ်တွင် ချူလာလောင်ကွန်း တက္ကသိုလ်မှ ဒေါက်တာဘွဲ့(Ph.D)၊ ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ဒေါက်တာဘွဲ့ (Ph.D) အသီးသီး ဆက်ကပ်ခဲ့ကြပြီး ယနေ့့ ဆက်ကပ်သည့် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (Honorary Ph.D) သည် ဆရာတော်၏ စတုတ္ထမြောက် ဒေါက်တာဘွဲ့ဖြစ်သည်။

၂၀၀၇ နှစ်တွင် ထေရဝါဒနိုင်ငံများ စုပေါင်းပြီး The Association of Theravāda Buddhist Universities (ATBU) ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များအဖွဲ့ကို မြန်မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည်။
 

Most read this week