မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ

မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ
by -
ဖနိဒါ
ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာလုပ်သား ရာပေါင်းများစွာသည် ပြီးခဲ့သည့် ၃ ရက်အတွင်း  ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုများ ခံရကာ ဆက်လက်၍လည်း အဖမ်းအဆီးများက ရှိနေ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာလုပ်သား ရာပေါင်းများစွာသည် ပြီးခဲ့သည့် ၃ ရက်အတွင်း  ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုများ ခံရကာ ဆက်လက်၍လည်း အဖမ်းအဆီးများက ရှိနေသည်။   

နိုင်ငံမြောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အဆိုပါ မြို့လေးတွင် ထိုင်းရဲ၊ တောမော ခေါ် လူဝင်မှု ကြီးကြပ်ရေး ရဲများနှင့် အရပ်ဝတ် ထောက်လှမ်းရေးများက မြန်မာလုပ်သားများ နေထိုင်ရာ တန်းလျားများတွင် ၀င်ရောက်ဖမ်းဆီးကာ ပြန်ပို့နေခြင်း ဖြစ်သည်။   

“၃ ရက်အတွင်း ဖမ်းတာ ၁၄ဝဝ ရှိပြီ။ ဒီနေ့ ဖမ်းတာ ၆ဝဝ လောက် ရှိတယ်။ အခုလည်း ဆက်ဖမ်းတုန်းပဲ။ အဖမ်းခံရသူတွေက လက်မှတ်မရှိဘူး။ ဒီမနက် ၄ နာရီကနေ စပြီးတော့ ရဲကား၊ အချုပ်ကားတွေနဲ့ လာပြီးတော့ ၄ နေရာလောက်မှာ ဖမ်းသွားတယ်။ လမ်းပေါ်မှာရော လက်မှတ်စစ်ပြီး၊ မရှိရင် ကားပေါ် တင်ဖမ်းသွားတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ အလုပ်သမားများ အဖွဲ့တခုဖြစ်သည့် ရောင်ခြည်ဦးအဖွဲ့မှ ကိုကျော်ဇင်က မဇ္ဈိမကို ပြောသည်။   

ပြီးခဲ့သည့်လက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင်လာသည့် လှေစီးဒုက္ခသည် ရိုဟင်ဂျာများ ကိစ္စနှင့် ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို မြန်မာလုပ်သား နှစ်ဦးက ယခုလ ရ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်သည်ဟူသော သတင်းများ ပေါ်ထွက်ပြီးနောက် ယခုလို အစုလိုက်အပြံုလိုက် ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။   

ကိုကျော်ဇင်က “ကျနော်တို့ ယူဆတာက ပြီးခဲ့သည့်လက ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းတခေါက် ပြောဖူးတယ်လေ။ သူ့နိုင်ငံကို တရားမဝင် ဝင်လာတဲ့ လူမှန်သမျှကို ထိုင်းဥပဒေအရ ဖမ်းဆီးခွင့် ရှိတယ်လို့ ပြောထားတာပဲလေ။ နောက်တခုက ချင်းမိုင်မှာ ဖြစ်သွားတဲ့ ကိစ္စတခုနဲ့လည်း ဆက်စပ်မယ်လို့ ယူဆတယ်” ဟု ပြောသည်။  

မဲဆောက် ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ရုံးသို့  ဆက်သွယ်မေးမြန်းရာ ယနေ့ လက်ရှိ ဖမ်းဆီးထားသူ ၄ဝဝ ကျော် ရှိနေပြီး မြန်မာပြည်သို့ ပြန်ပို့မှုများ ရှိခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။   

လဝက အရာရှိတဦးက “ဖမ်းထားတာက ၄ဝဝ ကျော်လောက် ရှိတယ်။ တရားဝင် ဝင်လာလို့ ဖမ်းတာ။ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်တွေ မှတ်ပြီးရင် နယ်စပ် မေးလ်မြစ်ကို အသုတ်လိုက် သွားပို့မယ်။ မြန်မာပြည်ထဲ ပြန်လွှတ်တယ်။ တခါပို့ရင် လူ ၄ဝ နဲ့ ၅ဝ လောက် ပို့တယ်” ဟု ပြောသည်။

မဲဆောက် ရဲစခန်းသို့ ယနေ့ သွားကြည့်သူ မြန်မာတဦးက “ကျနော်ကတော့ ရဲစခန်းရှေ့မှာ ရပ်ကြည့်နေတဲ့ အချိန်မှာ အထဲက လူတွေကို မေးလိုက်တော့ ၁၄ဝဝ လောက် ရှိပြီတဲ့။ ကျနော် ကြည့်နေတုန်း ရဝဝ လောက်တောင် ထပ်ဖမ်းလာသေးတယ်” ဟု ပြောသည်။   

တပ်ခ်ခရို်င် မဲဆောက်မြို့တွင်းရှိ မြန်မာလုပ်သားများ နေထိုင်ရာ ဟုန်ဖိုင်၊ ငှက်ပျောတော၊ မိုလ်ဟာဂျီတင် ရပ်ကွက်များနှင့် တီကေလေး စက်ရုံအနီးရှိ အလုပ်သမား တန်းလျား၊ ချန်ပီယံ သိုးမွှေးစက်ရုံ တန်းလျား၊ မဲဆောက်စျေးအနီး စက်ရုံတန်းလျား စသည့် နေရာများမှ အဓိက ဖမ်းဆီးခံရသည်။  

ယခုလ ၂၈ ရက်နေ့တွင် အလုပ်သမား လက်မှတ် သက်တမ်းတိုးရမည် ဖြစ်သော်လည်း အချို့စက်ရုံများမှ အလုပ်ရှင်များသည် သက်တမ်းတိုးရန်  ပိုက်ဆံများ ယူထားသော်လည်း သက်တမ်း တိုးမပေးသဖြင့် အဖမ်းခံရသူများလည်း ပါဝင်နေသည်ဟု ရဲစခန်းသို့ သွားခဲ့သူက ပြောသည်။   

မဲဆောက် ဟန်ထိုင်းစက်ရုံ (Hang Thai Knitting Industrial Co.Ltd) မှှ အလုပ်ရှင်များကလည်း မြန်မာလုပ်သားများအနက် အလုပ်သမား အခွင့်အရေး ဆန္ဒပြသူ ၂၉၃ ဦးအား ယခုလ ၂၄ ရက်နေ့က အလုပ်ထုတ်မှုများလည်း ရှိခဲ့သည်။