အမျိုးသမီး ရ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပုံများဖြင့် ကြော်ငြာ

အမျိုးသမီး ရ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပုံများဖြင့် ကြော်ငြာ
by -
မျိုးကြီး
အမျိုးသမီးများကို တရုတ်နိုင်ငံဘက်သို့ ဖြားရောင်းပို့ဆောင်ကာ ရောင်းစားမှုပြုသည်ဟု စွပ်စွဲကာ အမျိုးသမီး ရ ယောက်၏ ဓာတ်ပုံများကို လိုင်ဇာမြို့လယ်ခေါင်တွင် အများမြင်အောင် ပြသထား ...

ရွှေလီ (မဇ္စျိမ)။ ။ အမျိုးသမီးများကို တရုတ်နိုင်ငံဘက်သို့ ဖြားရောင်းပို့ဆောင်ကာ ရောင်းစားမှုပြုသည်ဟု စွပ်စွဲကာ အမျိုးသမီး ရ ယောက်၏ ဓာတ်ပုံများကို လိုင်ဇာမြို့လယ်ခေါင်တွင် အများမြင်အောင် ပြသထားသည်။

''သတိ၊ အမျိုးသမီးများကို ရောင်းစားသူများ ဖြစ််သည််'' ဆိုသည့် ကချင်ဘာသာစာတမ်းနှင့်အတူ အလျား ၆ ပေ၊ အမြင့် ၅ ပေခန့်ရှိသည့် အမျိုးသမီးများရုပ်ပုံပါ ပိုစတာများကို ယမန်နေ့ နံနက်ပိုင်းကမှ တရုတ်နိုင်ငံနှင့်နယ်နမိတ်ထိစပ်နေသော ကချင်ပြည်နယ် လိုင်ဇာမြို့ အမှတ် (၂) ကုန်စိမ်းစျေးအနီးတွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ လိုင်ဇာမှာ ငြိမ်းချမ်းရေးရယူထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ ထိန်းချုပ်ရာဒေသဖြစ်သည်။

'' ကချင်စာနဲ့ ထိပ်က တခုတော့ ရေးထားတယ်။ ကျန်တဲ့ သူတို့အမည်နာမ၊ အသက်လည်း တခုမှမပါဘူး။ သူတို့ရဲ့ မျက်စိကို ကွန်ပြူတာနဲ့ ဖျက်ထားပေးတယ်။ လိုင်ဇာရဲက ဖမ်းမိတဲ့ဟာတွေလား၊ အဲဒီလိုမျိုး ဘာမှမသိရဘူး။ 'Masha Dut Sha Ai Ni' တဲ့၊ လူရောင်းစားတဲ့ ပုဂ္ဂိုလ်တွေလို့။ အဲလိုပဲ ကြေညာထားပေးတယ်'' ဟု လိုင်ဇာဒေသခံ မျက်မြင်တဦးက မဇ္စျိမကို ပြောသည်။

ဒေသခံ ကချင်အမျိုးသားတဦးကလည်း ''လူရောင်းစားတဲ့သူတွေ ဖြစ်ပါတယ်ပေါ့။ မျက်စိကိုတော့ တိတ်နဲ့၊ ကွန်ပြူတာနဲ့ ဖျက်ပြီးတော့ ကာလာနဲ့ ဆိုင်းဘုတ်အကြီးကြီးနဲ့ ကပ်ထားတယ်လေ။ အမျိုးသမီးရုံးနားမှာရော၊ အဝိုင်းနားမှာရော အဲဒီလူတွေက အမျိုးသမီးတွေကို ရောင်းစားတဲ့သူတွေ ဖြစ်ပါတယ်လို့ အဲလိုပဲ ရေးထားတယ်'' ဟု ပြောသည်။

လိုင်ဇာရဲစခန်း တာဝန်ကျစခန်းမှူးက အသေးစိတ် ဖြေကြားရန် ငြင်းဆန်လိုက်ပြီး" ကျနော်ကတော့ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရပါဘူးခင်ဗျ။...အဲဒါ လုပ်တာ အထက်က လူကြီးတွေလုပ်တယ်ဆိုတော့ ဘာမှ မသိရပါဘူး ခင်ဗျ'' ဟု သူက ပြောသည်။