၀မ်းတွင်းမြို့နှင့် မိထ္ထီလာ စက်မှုဇုံမှာ ခိုးဆိုးလုယက်မှု ထူပြော

၀မ်းတွင်းမြို့နှင့် မိထ္ထီလာ စက်မှုဇုံမှာ ခိုးဆိုးလုယက်မှု ထူပြော
by -
ကိုဝိုင်း
မန္တလေးတိုင်း မိထ္ထီလာခရိုင် ၀မ်းတွင်းမြို့နှင့် မိထ္ထီလာ စက်မှုဇုံအတွင်း၌ ခိုးမှု၊ ဓားပြမှုများမှာ ယခင်လဆန်းမှ စတင်၍ သိသိသာသာ များပြားလာသည်။ လွန်ခဲ့သည့် တလအတွင်း မိထ္ထီလာ စက်မှုဇုံအတွင်း၌ ခိုးမှုများ အဓိက ဖြစ်ပွားလာနေ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မန္တလေးတိုင်း မိထ္ထီလာခရိုင် ၀မ်းတွင်းမြို့နှင့် မိထ္ထီလာ စက်မှုဇုံအတွင်း၌ ခိုးမှု၊ ဓားပြမှုများမှာ ယခင်လဆန်းမှ စတင်၍ သိသိသာသာ များပြားလာသည်။

လွန်ခဲ့သည့် တလအတွင်း မိထ္ထီလာ စက်မှုဇုံအတွင်း၌ ခိုးမှုများ အဓိက ဖြစ်ပွားလာနေပြီး၊ ခိုးရာပါ ပစ္စည်းများကို မိထ္ထီလာမြို့တွင်ပင် ပြန်လည် ရောင်းချနေသလို၊ ၀မ်းတွင်းမြို့ပေါ်နှင့် အနီးအနားတွင်လည်း ဓားပြတိုက်မှု အနည်းဆုံး ၄ မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ လလောက်ကပဲစပြီး ခိုးဆိုးမှုတွေ ဖြစ်လာကြတာပါ။ ဓားပြမှုတွေက ၀မ်းတွင်းနားမှာ ဖြစ်သွားတာ။ ဓားပြမှုက ၄ မှုလောက် ဖြစ်တယ်။ အိမ်တွေထဲ ၀င်ခိုးတယ်။ နောက်ပြီး အိမ်နဲ့ ဓာတ်တိုင်နဲ့ သွယ်ထားတဲ့ မီးကြိုးတွေ လိုက်ခိုးတယ်" ဟု မိထ္ထီလာ စက်မှုဇုံနှင့် နီးစပ်သူ တဦးက ပြောသည်။

၀မ်းတွင်း ဓားပြမှုများအနက် ထင်ရှားသည့် အမှုတခုမှာ ၀မ်းတွင်းမြို့အနီး လျှော်ပင်ရွာမှ ၀န်ထမ်းအိမ်ယာနေ ကျောင်းဆရာမ နှစ်ဦးကို ယခုလဆန်းပိုင်းက ဓားပြတိုက်ပြီး ရွှေ၊ ငွေ အားလုံး ယူဆောင်သွားသည့် အမှုဖြစ်သည်။

စက်မှုဇုံမှာ မိထ္ထီလာမြို့နှင့် ၉ မိုင်ခန့်၊ ၀မ်းတွင်းမြို့နှင့် ၁၁ မိုင်ခန့် အကွာတွင် တည်ရှိကာ စက်ရုံပေါင်း ၂၀၀ ခန့်ရှိပြီး ယက္ကန်းစက်ရုံ အများဆုံး ဖြစ်သည်။ အကျယ်အဝန်း တမိုင်ပတ်လည်ခန့်ရှိကာ ပြီးခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက စတည်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ရန်ကုန်နှင့် မန္တလေးဘက်မှ အဝယ်နည်းသွားသည့်အပြင် လျှပ်စစ်မီး ပုံမှန်မရသဖြင့် ယခင်လမှစ၍ ယက္ကန်းစက်ရုံ ထက်ဝက်ခန့် ပိတ်ပစ်လိုက်ရပြီဖြစ်ကြောင်း စက်မှုဇုံနှင့် နီးစပ်သူများက ဆိုသည်။

အလားတူ ယခင်က ဂျစ်ကားထုတ်လုပ်ရေး ရှိသော်လည်း စျေးကွက်ပျက်သွားသဖြင့် ပိတ်လိုက်ပြီဖြစ်သည်။ တွင်ခုံနှင့် သံနန်းဆွဲ လုပ်ငန်းများမှာမူ ယက္ကန်းလုပ်ငန်းအချို့နှင့်အတူ ယခုအထိ ဆက်လက် လည်ပတ်နေသည်။

ခိုးမှုများ၊ ဓားပြမှုများကို သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားကြသော်လည်း တရားခံများကို မဖော်ထုတ်နိုင်သေးကြောင်း နီးစပ်သူများက ပြောဆိုကြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မိထ္ထီလာ ရဲစခန်းများသို့ ဆက်သွယ်ကြည့်သော်လည်း ဆက်သွယ်၍ မရပါ။

ပိတ်ပစ်လိုက်သည့် ယက္ကန်းစက်ရုံများတွင် အလုပ်လုပ်နေသော အနီးအနား ကျေးရွာများမှ ဒေသခံများမှာမူ အလုပ်အကိုင်အသစ် ရရှိရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။