ကျား/မ ဖြစ်ခြင်းအပေါ်မူတည်၍ ဖားအံတွင် စစ်မှုထမ်းထောက်ပံ့ကြေးများ ကောက်ခံနေ

ကျား/မ ဖြစ်ခြင်းအပေါ်မူတည်၍ ဖားအံတွင် စစ်မှုထမ်းထောက်ပံ့ကြေးများ ကောက်ခံနေ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် လူငယ် အမျိုးသမီး၊ အမျိုးသား ဖြစ်ခြင်းအပေါ် မူတည်၍ စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် မြန်မာကျပ်ငွေ ၅ ထောင်မှ ၃ သောင်းကျပ်အထိ ကောက်ခံနေကြောင်း ဖားအံမြို့နေထိုင်သူများက ပြောသည်။

ဖားအံမြို့ပေါ်ရပ်ကွက် ၉ ခုအနက် အချို့ရပ်ကွက်များတွင် တစ်အိမ်ထောင်လျှင် အနည်းဆုံး မြန်မာငွေ ၅ ထောင်ကျပ်အား စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် လစဥ် ထည့်ဝင်နေရသော်လည်း အမှတ် (၄) ရပ်ကွက်တစ်ခုတွင်မူ စစ်မှုထမ်းဆောင်၍ရသည့် အသက်အရွယ်အပိုင်းအခြားရှိ လူငယ် မိန်းကလေးတစ်ဦးလျှင် ၅ ထောင်ကျပ် ယောက်ျားလေးတစ်ဦးလျှင် ၃ သောင်းကျပ် ပေးဆောင်ရသည်ဟု သိရသည်။

“လူကြီးလေးယောက် ဖလားကိုယ်စီကိုင်ပြီးလာတာ၊ ပထမတော့ ကျမတို့က ဧည့်စာရင်းစစ်တယ်ထင်လို့ ပြီးတော့မှ အမှတ် (၄) ရပ်ကွက်မှာ အစည်းအဝေးလုပ်ပြီးပြီ နင်တို့က စစ်မှုမထမ်းချင်ဘူးပြောလို့ ပိုက်ဆံလိုက်ကောက်တယ်လို့ ပြောတယ်။ မိန်းလေးဆိုတစ်ယောက် ၅ ထောင်၊ ယောက်ျားလေးဆို တစ်ယောက် ၃ သောင်းပေးရမယ်ပြောပြီး ကောက်သွားတာ” ဟု အမှတ် (၄) ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇန်နဝါရီလမှစ၍ ဖားအံမြို့ပေါ်တွင် အမျိုးသမီးများပါ စစ်မှုထမ်းခေါ်ယူတော့မည်ဖြစ်ကြောင်း‌ ကောလာဟလ ထွက်ပေါ်နေသော်လည်း ယခု ဧပြီလအထိ အမျိုးသမီးစစ်မှုထမ်းခေါ်ယူမှု မကြားသိရသေးပေ။

သို့သော် စစ်မှုထမ်းအပတ်စဥ် (၁၂) အတွက် စစ်မှုထမ်းစာရင်းကောက်ခံရန် သက်ဆိုင်ရာ ရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်ခြင်းများ ရှိလာပြီဖြစ်သည်ဟု မြို့တွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

ယခု ကျား/မ အပေါ်မူတည်၍ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံနေသည့် အမှတ် (၄) ရပ်ကွက်တွင်လည်း စစ်ကောင်စီသတ်မှတ်ထားသည့် အသက်အရွယ်ရှိ လူငယ်များအား ပြီးခဲ့သည့် ရက်ပိုင်းက စစ်မှုထမ်းကိစ္စ အစည်းအဝေးတက်ရန် ဖိတ်ခေါ်မှုရှိခဲ့ကြောင်း ရပ်ကွက်နေ အခြားအမျိုးသမီးတစ်ဦးထံမှ သိရသည်။

အဆိုပါအမျိုးသမီးက “ဟိုရက်ကတော့ အစည်းအဝေးလာတက်ပေးရမယ်လို့ ပြောတယ်။ ငွေကိစ္စဘာညာ ထည့်ပြောသွားတာတော့ မကြားဘူး။ တစ်အိမ်မှာ တစ်ယောက် တက်ပေးရမယ်တဲ့၊ ကျမတို့အိမ်မှာက လူငယ်ဆို မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် ရှိတယ်ပြောတော့။ ယောက်ျားလေးတစ်ယောက် လာတက်ပေါ့။ အိမ်က လူကြီးလာတက်မယ်ဆိုတာ မရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ဘေးအပြင် သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲပြီး၊ ကုန်ဈေးနှုန်း အတက်သာရှိသည့် အခြေအနေတွင် စစ်မှုထမ်းထောက်ပံ့ကြေး အလျဥ်းသင့်သလို လိုက်လံကောက်ခံမှုအပေါ် နေ့စားအလုပ်သမားများ၊ လူဦးရေများသည့် အိမ်ထောင်မိသားစုများအတွက် အခက်အခဲရှိနိုင်ကြောင်း မြို့ခံတို့က သုံးသပ်သည်။

ထို့အတူ ယခု ဧပြီလပိုင်းက စတင်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ် (၁၂) အတွက် မဲနှိုက်ရာတွင်လည်း ရပ်ကွက်တာဝန်ရှိသူများနှင့် ဆက်ဆံရေးမကောင်းသူများကိုသာ နှိုက်ယူခိုင်းနေပြီး ရှောင်ပြေးပါက နေအိမ်ချိတ်ပိတ်အရေးယူမည့် ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟုလည်း ပြည်တွင်းအခြေစိုက်မီဒီယာက ဖော်ပြသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...