ရေရှားပါးခြင်းကြောင့် အရေပြားယားနာတာအပြင်၊ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

ရေရှားပါးခြင်းကြောင့် အရေပြားယားနာတာအပြင်၊ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ နွေရာသီရောက်တိုင်း ရေရှားပါးခြင်း ပြသာနာကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ရေရှားပါးခြင်းရဲ့ နောက်ဆက်တွဲကြောင့် လတ်တလောမှာ လူကြီးအပါအဝင် ကလေးငယ်များဟာ အရေပြားယားနာတာတွေအပြင် ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အော့အန်တာလည်း အဖြစ်များနေကြတယ်လို့ အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးကုသပေးနေတဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

“ပုံမှန်ဖြစ်နေကျ ပွေးဝဲ နှင်းခူအပြင် အခုရက်ပိုင်း ရေယုန်ရောဂါပါ ဖြစ်လာကြတယ်။ အရေပြားရောဂါက ဒီစစ်ရှောင်တွေ အများဆုံးဖြစ်ကြတဲ့ ရောဂါပေါ့။ ရေရှားတာနဲ့ နောက်ဆက်တွဲ ခု လူကြီးရောကလေးရော ဝမ်းပျက်ဝမ်းလျှောပြီး အန်ကြတာလည်း အဖြစ်များတယ်” အဆိုပါ ဆရာမ က ပြောပါတယ်။

လူနာ ၁၀၀ ဝန်းကျင်မှာ ၂၅ ယောက်ဝန်းကျင်ဟာ အရေပြားရောဂါ ဖြစ်ပွားကြပြီး ဒီလ (မတ်လ) အတွင်းမှာတော့ ကလေးငယ်တွေ အဖြစ်များကြတယ်လို့ အဆိုပါ CDM ဆရာမ က ဆက်ပြောပါတယ်။ တစ်ရက်ကို ပုံမှန်အားဖြင့် အရေပြားရောဂါအပါအဝင် လူနာ ၃၀ ဝန်းကျင် ဆေးခန်းကို ပုံမှန်လာရောက်ပြသကြတယ်လို့ ဆိုပါတယ်။

နွေရာသီရောက်ပြီဖြစ်တာကြောင့် တခြားသောအရာတွေထက် ရေအခက်အခဲကို ပိုမိုကြုံတွေ့နေကြရတဲ့အကြောင်း စစ်ရှောင်ကော်မတီတစ်ဦးက အခုလို ပြောပါတယ်။

“နွေရာသီရောက်လာပြီဆိုတော့ ရေက အများကြီး အခက်အခဲ ဖြစ်လာတယ်ပေါ့။ ရေကတော့ ဝယ်ရတယ်။ မဝယ်နိုင်တဲ့ သူတွေကတော့ သွားခပ်ရတယ်။ အခက်အခဲက ရေကတခြားဟာထက် အခက်အခဲပိုဖြစ်လာတယ်။ တချို့က ရေလှောင်ဖို့အတွက် မိုးကာမရှိဘူး” လို့ စစ်ရှောင်ကော်မတီတစ်ဦးက ပြောပါတယ်။

ရေရှားပါးလွန်းတာကြောင့် မျက်နှာသစ်တဲ့ ရေတွေ၊ အဝတ်လျော်ပြီးသား ရေတွေကို ပြန်ခံသုံးပြီး ခြေထောက်တွေနဲ့ ပြန်ဆေးကာ ချွေတာသုံးစွဲနေရတယ်လို့ သူက ဆက်ပြောပါတယ်။

အရေပြားယားနာတာနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်တဲ့ ရောဂါနှစ်ခုလုံးက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ သက်ဆိုင်နေတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ကြပြီး အစားအသောက်တွေလည်း ရှောင်ကြဉ်ကြစေချင်တဲ့အပြင် ရောဂါလက္ခဏာခံစားရပြီဆိုရင် ဆေးခန်းကို ချက်ချင်းလာရောက်ပြသကြဖို့ကိုလည်း CDM ဆရာမ တစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ရောဂါနှစ်ခုလုံးက တကိုယ်ရည်သန့်ရှင်းမှုရှိဖို့ အဓိကတော့ ကျတာပေါ့။ အရေပြားရောဂါက အရှင်းပျောက်သွားတာမျိုးမဟုတ်တော့ လူနာတွေ အကြာကြီးခံစားရတာမျိုး ဖြစ်တတ်တယ်။

ဖြစ်လိုက်ပျောက်လိုက်တော့ ပိုများတယ်။ သူတို့ကို ရေသေချာချိုးဖို့ ငါးပိ၊ ငါးခြောက်တွေ သိပ်မစားဖို့လောက်ပဲ အကြံပေးချင်တယ်။ ဝမ်းပျက်ဝမ်းလျှောကျတော့ အစားအသောက်ကို သန့်သန့်ရှင်းရှင်းထားဖို့ရယ် လက်ကို ဆပ်ပြာနဲ့သေချာဆေးဖို့နဲ့ ရောဂါလက္ခဏာ ခံစားရပြီဆို ဆေးခန်းချက်ချင်းလာပြဖို့ရယ်ပေါ့။ တချို့အသက်အရမ်းကြီးတဲ့ လူကြီးတွေနဲ့ ကလေးငယ်တွေဆို အရည်ဓာတ် ပိုဆုံးရှုံးလွယ်တော့ အသက်ဆုံးရှုံးရတဲ့ထိ ဖြစ်နိုင်တယ်” လို့ ဆရာမ က ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ တစ်ထောင့်ငါးရာ ရှိပြီး လူဦးရေ ခြောက်ထောင်ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။

Most read this week

March 13, 2025
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက အိမ်ခြေ ၃၂၀ ရှိတဲ့ စစ်ရှောင်စခန်း တစ်နေရာမှာ အိမ်ခြေ ၁ ရာ...
March 12, 2025
ယမန်နေ့ (မတ်လ ၁၁ ရက်) မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို...
March 10, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက...
March 7, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ကလေးအပါအဝင်...