ဝီးချဲ ခေါ် ဘီးတပ်ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဘီးကို လက်ဖြင့်တွန်းရင်း မီးဖိုခန်းမှ ဧည့်ခန်းဆီသို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီး ကတရွှေ့ရွှေ့ဝင်လာလေသည်။
ဧည့်ခန်းထဲရှိ ကုတင်လေးဆီသို့ ဉီးတည်ပြီး သွားလေသည်။
ကုတင်ပေါ်တွင် စကားကောင်းမွန်စွာ မပြောနိုင်၊ မလှုပ်ရှားနိုင်သော လေဖြတ်ထားသည့် အမျိုးသားတစ်ဉီး လဲလှောင်းအိပ်စက်နေသည်။
“အစ်ကို ထတော့ထတော့” ဟု နန်းဆမ် က လှမ်း၍ပြောလိုက်သည်။
နန်းဆမ်သည် မသန်စွမ်းသူဖြစ်သကဲ့သို့ လေဖြတ်နေသော အစ်ကို ဖြစ်သူကို ပြုစုစောင့်ရှောက် နေရသူတစ်ဉီးလည်း ဖြစ်သည်။
သူသည် သျှမ်းပြည်မြောက်ပိုင်းက ဇာတိ။ မွေးချင်းမောင်နှမ လေးဦးထဲတွင် အငယ်ဆုံးဖြစ်သော်လည်း မွေးရာပါခြေခွေခြင်းရောဂါကြောင့် လမ်းမလျှောက်နိုင်။
“မွေးရာပါ ခြေထောက်က သိပ်မကောင်းဘူး၊ ဘယ်ခြေက သေးနေတာ။ အရင်တုန်းက သွားလာနိုင်တယ်။ နောက်ပိုင်း အသက်လည်း ကြီးလာတော့ လူကအားပျော့သွာတာလားမသိဘူး။ ၂၀၁၈ လောက်က ထင်တယ်။ အရိုးထပ်အပ်ပြီးမှ လမ်းမလျှောက်နိုင်တော့တာ” ဟု နန်းဆမ်က ရှင်းပြသည်။
မိခင်ဖြစ်သူသည် လူကြီးရောဂါဖြင့် ဆုံးပါးသွားသည်မှာ ၂၅ နှစ်ရှိပြီ။ ဖခင်ဖြစ်သူသည်လည်း လွန်ခဲ့သည့် ၃ နှစ်ခန့်က လူကြီးရောဂါဖြင့် ထပ်မံဆုံးပါးသွားခဲ့လေပြီ။
ဒုတိယ အစ်ကိုဖြစ်သူသည်လည်း ဆုံးသွားတာကြာပြီး၊ တတိယ အစ်ကိုဖြစ်သူသည်လည်း လေဖြတ်ထား သောကြောင့် အိပ်ယာထဲလှဲနေရသည်ဟု နန်းဆမ်က ပြောသည်။
ထိုသို့ မိဘနှစ်ပါးနှင့် အစ်ကိုတစ်ဦးဆုံးရှုံးသွားချိန်တွင် ကျန်သည့်အစ်ကိုနှစ်ဦးနှင့်အတူ မိသားစုဝမ်းရေးအတွက် ဈေးရောင်အလုပ်များကို ဝိုင်းကူလုပ်ကိုင်ပေးခဲ့ရသည်။
ဈေးရောင်အလုပ်ကိုလုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရသည်။
“အရင် သွားလာနိုင်တုန်းက ကိုယ်ဟာကိုယ်အလုပ်လုပ်နိုင်တယ်။ ဈေးရောင်းတယ်။ ဘာညာ လုပ်နိုင်တယ်” ဟု နန်းဆမ်က ပြောပြသည်။
ဘဝကိုလွယ်လွယ်နှင့် အဆုံးမရှုံးမပေးတတ်သည့် နန်ဆမ်ဘဝ အေးချမ်းတည်ငြိမ်လာပြီဟု မှတ်ယူခဲ့သော်လည်း ယခင်ဘဝက ကုသိုလ်ကံ့ကြောင့်လား မပြောတတ်တော့ပေ။ နန်းဆမ်၏ ဘဝထဲသို့ ဖြစ်ရပ်ဆိုးတစ်ခုက ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့တော့သည်။
တစ်ပူပေါ် နှစ်ပူဆင့်
၂၀၂၃ အောက်တိုဘာလမှစတင်ကာ သျှမ်းပြည်မြောက်ပိုင်းအတွင်း ကျယ်ပြန်လာခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲများသည် နန်းဆမ်တို့မိသားစုနေထိုင်ရာ မြို့ပေါ်သို့လည်း ရောက်ရှိလာသည်။
သူမတို့နေထိုင်ရာ မြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဗုံးကြဲခံရမည်ကိုစိုးရိမ်၍ သူမတို့နေရပ်ကိုစွန့်ခွာကာ လုံခြုံစိတ်ချရမည်ဟုထင်သည့် မန္တလေးမြို့ပေါ် (ယာယီ) ရွှေ့ပြောင်းနေထိုင်ခဲ့သည်။
“အရင်တုန်းကတော့ တစ်ခါမှ စစ်မပြေးခဲ့ရဘူးလေ။ ဟို့..ငယ်ငယ်တုန်းကတော့ ခဏခဏမြို့အပြင်၊ ရွာတွေမှာတော့ ဖြစ်တာပေါ့။ အဲ့ဒီခေတ်တုန်းကတော့ မပြေးခဲ့ရဘူး။ အခုမှ ပြေးရတဲ့အဆင့်၊ လမ်းမလျှောက်နိုင်တော့ လူမှုကူညီရေးအသင်းကို လာခေါ်ခိုင်းရတာ” ဟု နန်းဆမ်က ပြောပြသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အများနည်းတူ နန်းဆမ်တို့လည်း သွေးရူးသွေးတန်း ထွက်ပြေးခဲ့ရပြီး လားရှိုးမှ မန္တလေးသို့ ထွက်ပြေးခဲ့ရသည်ဟုပြောသည်။
ထိုသို့ မန္တလေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ပြီး လပိုင်းအကြာတွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သောာ “၁၀၂၇ စစ်ဆင်ရေး”သည်လည်း အရှိန်အဟုန်ဖြင့် ပြင်းထန်လာသည်။
“၁၀၂၇ စစ်ဆင်ရေး” ဆိုသည်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် AA တို့ကဦးဆောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်သော စစ်ဆင်ရေးဖြစ်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် သျှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံ၊ မုံးကိုး၊ မူဆယ်၊ နမ်ခမ်း၊ လားရှိုး၊ ကျောက်မဲ၊ သိန္နီနှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီအဖွဲ့အား တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။
ထိုသို့ မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ပြင်းထန်လာချိန် တရုတ်နိုင်ငံက အပစ်ရပ်စေရေး နှစ်ဖက်ဆွေးနွေးရန် ကြားဝင်ခဲ့သည်။
ယင်းကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် နှစ်ဖက်ဆွေးနွေးပွဲ ၃ ကြိမ် ပြုလုပ်ပြီးနောက် ယာယီအပစ်ရပ်ရန် (၂၀၂၄ ဇန်နဝါရီ ၁၁ ရက်နေ့) ဟိုင်ဂင်သဘောတူညီချက် ရရှိခဲ့ကြခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်ခတ်ရပ်၍ တိုက်ပွဲငြိမ်သက်ပြီးသည့်နောက် နန်းဆမ်တို့မိသားစုသည်လည်း နေရပ်သို့ ပြန်လာနိုင်ခဲ့သည်ဟုပြောသည်။
“ပြန်လာတော့ ပျက်စီးနေတဲ့ အိမ်တွေရယ်၊ ခြောက်ကပ်နေတဲ့ မြို့ကြီးရယ် တွေ့ရတယ်” ဟု နန်းဆမ်က ပြန်ပြောပြသည်။
နေရပ်ပြန်လာပြီး လပိုင်းအကြာမှာတင် နန်းဆမ်တို့နေထိုင်ရာ မြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးစိုးရိမ်၍ နေရပ်ကို စွန့်ခွာခဲ့ရပြန်သည်။
ဒုတိယအကြိမ်တွင် နန်းဆမ်တို့သည် မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းမြို့သို့ ထပ်မံ ထွက်ပြေးခဲ့ရပြန်သည်။
“ဒုတိယတစ်ကြိမ် ရဲစခန်းမှာလာကြဲတာ။ သူများထွက်ပြေးကြတော့ ကျမတို့လည်း ကြောက်ကြောက်နဲ့ ထပ်ထွက်ပြေးခဲ့ရတယ်” ဟု နန်းဆမ်ကပြောသည်။
ယင်းသို့ ဒုတိယအကြိမ်ထွက်ပြေးပြီးနောက် ၂၀၂၄ သြဂုတ်လက နေရပ်သို့ ပြန်လာနိုင်သည်ဟုပြောသည်။ ယခုအကြိမ်တွင်မူ နေရပ်သို့ ပြန်လာနိုင်ခြင်းမှာ နောက်ဆုံးအကြိမ်သာဖြစ်ရလိမ့်မည်ဟု နန်းဆမ်က ပြောသည်။
သို့သော်လည်း နန်းဆမ်တို့၏ ဘဝသည် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးသည့် ဘဝနှင့် မခြားနားပေ။
ပြန်လည်ထူထောင်ရေး ကာလ
မွေးရာပါ ခြေခွေခြင်းရောဂါကြောင့် လမ်းမလျှောက်နိုင်သည်ကား တစ်မျိုး၊ လေဖြတ်ခြင်းရောဂါကြောင့် အိပ်ယာထဲ လှဲနေရသော အစ်ကိုဖြစ်သူကို ပြုစုစောင့်ရှောက်ပေးရသည်ကား တစ်ဖုံ။
သည်ကြားထဲ ရုတ်တရက်တိုက်ပွဲထဖြစ်တော့ သွေးရူးသွန်းတန်း ထွက်ပြေးခဲ့ရသည်မှာ အကြိမ်ပေါင်း မနည်းတော့။ တစ်ခါတစ်ရံ သေချင်စိတ်တောင် ပေါက်လာပြီဟု နန်းဆမ်ကပြောသည်။
“အာ…ဘာပြောကောင်းမလဲ။ ရှာစားလို့ခက်တဲ့ ခေတ်ကြီးမှာ စစ်ဖြစ်တော့ ရှာစားရတာပိုခက်တာပေါ့” ဟု
နန်းဆမ်က စိတ်မရှည်သည့်လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“ဒီလိုပါပဲ။ ဝဋ်ကြွေးရှိသလောက် ခံပေါ့” ဟု နန်းဆမ်က ကံကြမ္မာကိုသာ အပြစ်တင်ရသည်။
လက်ရှိမှာ တိုက်ပွဲငြိမ်သက်၍ နေရပ်ပြန်လာနိုင်သော်လည်း အလုပ်အကိုင်များမရှိသဖြင့် နန်းဆမ်တစ်ယောက် အားကိုးရာမဲ့ ဖြစ်နေသည်။
“အခုပြန်လာနေတာတော့ အစ်ကိုနဲ့နှစ်ယောက်တည်း။ ကျန်တဲ့အစ်ကိုတစ်ယောက်လည်း ရှိတယ်။ အကြီးဆုံး အစ်ကိုက အခုတရုတ်နယ်စပ်မှာလေ။ သူလည်း ကျမတို့လိုပါပဲ ရရာအလုပ်ရှာလုပ်နေရတာ” ဟု နန်းဆမ်ပြောသည်။
ဝမ်းရေးအတွက် အလုပ်အကိုင်များမရှိသဖြင့် စားသောက်ရန်အနိုင်နိုင်ဖြစ်နေသည်ဟု နန်းဆမ်ကပြောသည်။
“ကိုယ်ကတော့ အလုပ်မှမရှိတာ။ ဆွေးမျိုး၊ သူငယ်ချင်းတွေ တစ်ယောက် နည်းနည်းစီလာပေးတာနဲ့ စားနေရတာပေါ့” ဟု နန်းဆမ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နယ်စပ်ဂိတ် ပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းခြင်းတို့ကြောင့် ထိုနေရာဒေသတွင်လည်း ကုန်ဈေးနှုန်း မြင့်တက်နေလျက်ရှိသည်။
ကြက်ဥ တစ်လုံးလျှင် ၅၀၀ ကျပ်၊ စားသုံးဆီ တပိသာလျှင် ၂၀,၀၀၀ ကျပ်၊ ကြက် တစ်ကောင်လျှင် ၂၀,၀၀၀ ကျပ်နှင့် ဓာတ်ဆီ တလီတာလျှင် ၆,၅၀၀ ကျပ် စသည့်ဖြင့် ကုန်ဈေးနှုန်း အသီးသီး မြင့်တက်နေသည်။
ကုန်ဈေးနှုန်းတင်မက ဆေးဝါးတွေကလည်း ပြတ်လပ်နေသည်။ လက်ရှိ ထိုဒေသတွင် ခေါင်းကိုက်ပျောက်ဆေး ပါရာစီတမော တစ်ကဒ်လျှင် ၃,၀၀၀ ကျပ်ရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဆေးဆိုင်တွေတော့ ပုံမှန်နီးပါး ပြန်ဖွင့်နေပြီ။ ဈေးကတော့ မကျသေးဘူး။ ဈေးဆိုင်မှာရှိတဲ့ ပါရာစီတမော၊ ဘိုင်အိုဂျက်ဆစ်တို့က တစ်ကဒ် ၃ ထောင်လောက်ရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ပွဲဆိုသည်မှာ နိုင်ငံရေး ပဋိပက္ခများအား ဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာမရတော့သည့်အတွက် လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းရသည့် နိုင်ငံရေး ပြဿနာသာ ဖြစ်သည် မဟုတ်လော။
စစ်ပွဲဆိုသည်မှာ ပြီးဆုံးသည်မရှိ ဆုံးရှုံးရသည်ကား လူသားအရင်းအမြစ်နှင့် ဂေဟစနစ်တို့ မီးတောက်ပြာပုံဖြစ်သည်။
နန်းဆမ်တို့၏ ဘဝမှာ မျှော်လင့်စရာမရှိ၊ မျှော်လင့်တိုင်းလည်း မဖြစ်တော့။ ဖြစ်နိုင်ပါက မည်သူနိုင်နိုင် မြန်မာပြည်ကြီးကို အေးချမ်းစေချင်သည်ဟုပြောသည်။
“ဘာမှ မမျှော်လင့်ပါဘူး။ မျှော်လင့်တိုင်းလည်း ဖြစ်ချင်မှ ဖြစ်မှာလေနော်။ ဒါပေမဲ့ ဘယ်သူပဲနိုင်နိုင် နိုင်ငံကြီးကို အေးချမ်းစေချင်ပြီ” ဟု နန်းဆမ်ကပြောသည်။