မှိန်ပြပြလရောင်အောက် ခြုံထူထပ်မှောင်မိုက်နေသည့်တောစပ်နားက လူတစုမှာ တဦးနှင့်တဦး ထွေးပွေ့ ကာ အိပ်မောကျနေသည်။
၎င်းတို့မှာ စစ်ကောင်စီ၏စစ်ကြောင်းရန်ကြောင့် တောစပ်များတွင် မကြာခဏပုန်းခိုနေရသည့် စစ်ဘေးရှောင်မိသားစုများ ဖြစ်သည်။
“အားလုံးဝပ်နေ…ဝပ်နေ” ဆိုသည့် မလှမ်းမကမ်းက အော်သံကြောင့် အိပ်မောကျနေသူများမှာ အလန့် တကြားဖြင့် နီးစပ်ရာဗုံးခိုကျင်းထဲ အလျင်အမြန်ဝင်သွားကြသည်။
စကားပြောစက်မှ လေယာဥ်လာနေပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ပြောသံကြားရသည်နှင့်တပြိုင် နက် အရပ်သားများမှာ ဗုံးခိုကျင်းထဲတွင် တညီတညွတ်တည်း ပုန်းခိုလိုက်ကြသည်။
“နေ့လည်ဘက်ဆို Y-12 ၊ ဂျက်ဖိုက်တာတွေ လာတယ်။ ညဆို စက်တပ်လေထီးလာတယ်။ ဘာမှ မမြင် ရဘူး၊ အင်ဂျင်သံပဲ ကြားရတယ်။ ဗုံးနဲ့ချမှသာ သိရတာ။ တန်ပြန်ပစ်ဖို့ကလည်း ညဘက်ဆိုတော့ မလွယ် ဘူး။ လွန်ခဲ့တဲ့လေးရက်ကဆို စက်တပ်လေထီးနဲ့ ဂျက်ဖိုက်တာ နှစ်ခုညှပ်ပြီးတိုက်တာ၊ Rocket တွေနဲ့ပါ ပစ်သွားတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရာဇာကပြောသည်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာက နေ့စဥ်နှင့်အမျှကြုံတွေ့နေရသည့် စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို စစ်ဘေးရှောင်များအား ကူညီနေသူလည်းဖြစ်သလို ဒေသတွင်း ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးလည်းဖြစ်သည့် ကိုရာဇာက ရှင်းပြသည်။
တံတားဦးလေတပ်နှင့်နီးသည့် ငါန်းဇွန်မြို့နယ်မှာ လေကြောင်းရန်ကြောင့် အဆောက်အဦ၊ နေအိမ်များမှဝေးရာသို့တိမ်းရှောင်နေကြသော်လည်း စက်တပ်လေထီးများမှာ အရပ်သားများတိမ်းရှောင်နေသည့် တောစပ်အထိ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။
ငါန်းဇွန်မြို့နယ်က ကိုရာဇာကဲ့သို့ မြင်းခြံမြို့နယ်မှ ခရိုင်ထောက်ပို့တဦးဖြစ်သည့် ကိုသန်းထိုက်ကလည်း မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များတွင် ၂၀၂၅ ခုနှစ်တွင် လေကြောင်းတိုက်ခိုက် ခံရမှု အကြိမ်ရေများလာကြောင်း ဆိုသည်။
ထို့ပြင် စက်တပ်လေထီးများဖြင့်လည်း ခပ်စိပ်စိပ်တိုက်ခိုက်လာသည်ဟု ကိုသန်းထိုက်ကပြောသည်။
“လေယာဥ်တွေက နေ့တိုင်းကိုဗုံးကြဲနေတာ၊ အခုပိုဆိုးလာတယ်။ ပေါင် ၂၅၀၊ ၃၀၀ နဲ့ကြဲတယ်။ နောက်ပြီး တနေ့ကဆို တောပုရွာမှာ လေထီးနဲ့ဗုံးကြဲတဲ့အပြင် အနိမ့်ဆင်းပြီး ရွာသားတွေကို သေနတ်နဲ့ပါ လှမ်းပစ်တာ” ဟု ၎င်းက ပြောသည်။
အညာဒေသတွင် မြို့ပေါ်၌သာ စစ်ကောင်စီတပ်ကစိုးမိုးနိုင်ပြီး ကျေးရွာများတွင် ကာကွယ်ရေးတပ်ဖွဲ့များက လွှမ်းမိုးထားသည်။ ထို့ကြောင့် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထက် ဝေဟင်မှသာ အဓိက တိုက်ခိုက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ယခင်ကတည်းက လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်နေသော်လည်း ယခု ၂၀၂၅ ခုနှစ်မှစ၍ လေယာဉ်များသာမက စက်တပ်လေထီး(Paramotor)များဖြင့်လည်း မကြာခဏ တိုက်ခိုက်လာသည်။ စစ်တပ်လေထီးနှင့်တိုက်ခိုက်မှုကို မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် အဓိကပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် ပထမဆုံး ဗုံးကြဲခဲ့သည်။
ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-12 တို့ဖြင့် ဖျက်အားပြင်းဗုံးများ၊ မီးလောင်ဗုံး၊ သာမိုဘားရစ်စသည်တို့ဖြင့်တိုက်ခိုက်မှုဒဏ်ကို အညာဒေသများဖြစ်သည့် စစ်ကိုင်း၊ မုံရွာ၊ အရာတော်၊ ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များ၌ နေ့စဥ်နှင့်အမျှ ရင်ဆိုင်နေရသည်။
ကာကွယ်ရေးတပ်ဖွဲ့များ၏စာရင်းအရ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ နှစ်လတာအတွင်း စစ်ကိုင်းတိုင်းတွင် ၁၀ ကြိမ်အထက်၊ မြင်းခြံခရိုင်ရှိ ကျေးရွာ ၁၀ ရွာတွင် လေယာဥ်တိုက်ခိုက်မှုအကြိမ်ရေ ၅၀ အထက်ရှိကြောင်း သိရသည်။ အလားတူ ငါန်းဇွန်မြို့နယ်တွင်လည်း နှစ်လတာအတွင်း ၁၀ ကြိမ်မက ရှိနေသည်။
စစ်ကောင်စီ၏ Y-12 လေယာဥ်မှာ တခါကြဲလျှင် ဗုံးသီး အလုံး ၂၀ မှ ၄၀ အထိကြဲချခြင်းကြောင့် လူထိ ခိုက်သေဆုံးမှုသာမက နေအိမ်အဆောက်အဦများ ပျက်စီးမှုများစွာရှိနေသည်။ လေကြောင်းတိုက်ခိုက်မှုများ၌ စက်တပ်လေထီးများက ဒုတိယနေရာက အန္တရာယ်ပြုလာသည်။ လေယာဥ်အန္တရာယ်လောက် မစိုးရိမ်ရသော်လည်း ညဘက်တွင်သာ ပစ်မှတ်ထားတိုက်ခိုက်နေ၍ လေထီးများကိုမမြင်ရသဖြင့် တန်ပြန်ပစ်ခတ်ရန် ခက်ခဲခြင်းကြောင့် သတိကြီးစွာ နေထိုင်နေရကြောင်း ကိုသန်းထိုက်က ဆိုသည်။
စနိုက်ပါနှင့်ပစ်ချရုံဖြင့် ပျက်ကျနိုင်သော စက်တပ်လေထီးများသည် ညဘက်တွင်သာ အဓိကလှုပ်ရှားကြသည်။
စစ်ရေးသတင်းအရင်းမြစ်များ၏အဆိုအရ မိတ္ထီလာရှမ်းတဲလေတပ်နှင့် တံတားဦးလေတပ်မှပျံသန်းလာသည့် ယင်းစက်တပ်လေထီးများမှာ မိုင် ၆၀ မှ မိုင် ၉၀ အထိပျံသန်းနိုင်ပြီး လက်နက်ပစ္စည်းများကို အလေးချိန်အားဖြင့် ၁၆၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သည်။
“ဗုံးတွေပစ်ချရင် လက်ပစ်ဗုံးလိုအမျိုးအစားမျိုး ပစ်ချလို့မရဘူး။ အမြောက်မော်တာတွေမှာသုံးတဲ့ ဗုံးသီးမျိုးတွေကို ပင်ဖြုတ်ပြီးတော့သုံးတာပေါ့။ ပြီးရင် အသေးစားဆို အီနာဂါလို့ခေါ်တဲ့ ရိုင်ဖယ်ပစ်ဗုံးသီးတွေနဲ့ ပစ်ချလို့ရနိုင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။
စက်တပ်လေထီးများမှာ အမြင့်ပေ ၁၀,၀၀၀ ကျော်အထိပျံသန်းနိုင်သလို ဗုံးတခါကြဲလျှင် ငါးလုံးအထိ ကြဲချသည်။ ညဘက်တွင်သာတိုက်ခိုက်ခြင်းကြောင့် မမြင်ရသော်လည်း အင်ဂျင်စက်သံမှာ ဆူညံကျယ်လောင်သဖြင့် အချိန်မီ ဗုံးခိုကျင်း၊ ရေမြောင်းများသို့ ပုန်းခိုနိုင်သည်။
ညဉ့်နက်ပိုင်း လူအိပ်ချိန်တွင်တိုက်ခိုက်ခြင်းကြောင့် ဗုံးခိုကျင်းများသို့အချိန်မီ မသွားနိုင်သူများအဖို့ စက်တပ်လေထီးအန္တရာယ်မှာ သတိပြုစရာပင်ဖြစ်သည်။
မဇ္စျိမက စုံစမ်းထားသည့်စာရင်းအရ စက်တပ်လေထီးဖြင့်တိုက်ခိုက်မှုမှာ စစ်ကိုင်းတိုင်းတွင် ၁၀ ကြိမ်၊ မန္တလေးတိုင်းတွင် ရှစ်ကြိမ်အထက်ရှိပြီး ယင်းတို့အနက် တောင်သာနှင့်မြင်းခြံမြို့နယ်တို့မှာ တိုက်ခိုက်မှု အကြိမ်ရေ ပိုများသည်။
“အလယ်ပိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ်နေတာက အခုတလော ပျူစောထီးတွေ အထိနာနေလို့လည်း ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဥ်တပ်ပြီး လေယာဥ်နဲ့ လိုက်ပစ်ခတ်နေတာ” ဟု အမည်မဖော်လိုသည့် မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ကောက်ချက် ချသည်။
လေကြောင်းရန်ကို ခါးသီးစွာရင်ဆိုင်နေရသည့် အညာဒေသမှာ တဖက်တွင်လည်း စစ်တပ်ထောက်တိုင် ပျူစောထီးအဖွဲ့များ၏ နေအိမ်ဖောက်ထွင်းလုယက်သည့်ဒဏ်ကိုပါ အံတုနေရသည်။
စစ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုပေါင်း ၇,၀၀၀ အထက်ရှိပြီး အရပ်သား ၆၀၀ နီးပါး သေဆုံးခဲ့သည်။ မြို့နယ်၏ ၄၇ ရာခိုင်နှုန်းကျော်မှာ တိုက်ခိုက်ခံရမှု အများဆုံးဖြစ်သည်။
အညာဒေသဖြစ်သည့် စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ကြောင်း မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) စစ်တမ်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ ဇူလိုင်လနောက်ပိုင်း ခြောက်လအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ငါးဆတိုးလာကြောင်း OHCHR ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူက မီးမောင်းထိုးပြထားသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှတက်လာသော တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi-35) နှင့် စက်တပ်လေထီးတို့၏ဒဏ်ကို အနီးဝန်းကျင်မြို့နယ်များဖြစ်သော ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ အရာတော်၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦးဒေသတို့တွင် အပြင်းအထန် ခံနေရသည်။
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တခုတည်းမှာပင် ယခုဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းများတူးကြရန် ရပ်ကျေးအဆင့်အထိ သတိပေးချက်ထုတ်ပြန်ပြီး ဆောင်ရွက်နေရသည်။
နိုင်ငံတကာအဖွဲ့အစည်းများက လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ရန် သတိပေးသော်လည်း စစ်ကောင်စီအနေဖြင့် လျစ်လျူရှူပြီး ယခု ၂၀၂၅ ခုနှစ်တွင် ယခင်နှစ်ထက် ခပ်စိပ်စိပ် တိုက်ခိုက်လာသည်။
လေယာဉ်ဆီမရောင်းချရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကတားမြစ်ထားသော်လည်း လေယာဉ်ဆီဝင်ရောက်မှုက ဆက်ရှိနေခြင်းကြောင့် နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက အရှိန်မြင့်တင် လုပ်ဆောင်နေဆဲဖြစ်သည်။
တိုင်းရင်းသားနယ်မြေများဖြစ်သော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် အကြီးအကျယ် စစ်ရှုံးနေသည့် စစ်ကောင်စီသည် အညာဒေသတခွင်ကို ပိုမိုဖိနှိပ်လာခြင်းဖြစ်သည်။
“သူတို့ လေယာဉ်နဲ့ဗုံးကြဲ၊ မီးရှို့တာတွေလုပ်လည်း ပြည်သူတွေကတော့ ဆက်ပြီးတောင့်ခံသွားမှာပဲ။ စစ်တပ်အမြစ်ပြတ်ဖို့ ဦးတည်နေလို့ ပြည်သူတွေက စိတ်ဓာတ်မကျပါဘူး။ ဆက်တွန်းလှန်ဖို့ သွေးဆူနေတုန်းပဲ” ဟု ကိုသန်းထိုက်က ပြောသည်။