သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ ယခု ရက်ဆက်တိုက် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်းအတွင်း ပစ္စည်းဝင်ရောက်ခိုးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) နေ့မှစတင်ပြီး ယနေ့အထိ စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့ပေါ်ရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ဝင်ရောက်ခိုးယူမှု ပြုလုပ်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ခုတလော စစ်တပ်က စစ်ကြောင်းတွေ ထိုးနေတယ်။ အနီးတဝိုက်မှာလည်း တိုက်ပွဲပြင်းထန်ပြီး ကျေးရွာတွေမှာလည်း ရှော့ဒုန်းနဲ့ လက်နက်ကြီးနဲ့ပစ်တာ။ အခုလည်း မြို့ပေါ်က နေအိမ်တွေကို မီးရှို့တာတွေလုပ်တယ် ပစ္စည်းတွေလည်း ဝင်ခိုးပြီးအကုန်ဝင်မွေသွားတယ်။ ကျမအိမ်လည်းပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများနှင့် ကျေးရွာဒေသခံများကို ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပိုမိုပြုလုပ်လာနေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ မီးလောင်ဗုံးနှင့် အဆိပ်ငွေဗုံးများကို အသုံးပြုတိုက်ခိုက်လာနေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ဗုံးများကို စစ်ကောင်စီတပ်မှ ပိုမိုအသုံးပြုလာခြင်းကြောင်း ပြည်သူနေအိမ်များကိုလည်း မီးလောက်ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“မိုးဗြဲမှာဆို ခုချိန်ထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ စစ်တပ်က အခုတလော မီးလောင်ဗုံးနဲ့ အဆပ်ငွေပါတဲ့ ဗုံးတွေပါ အသုံးပြုလာတယ်။ ဒါတွေသုံးတော့ ဒေသခံ နေအိမ်တွေ မီးလောင်သွားတာမျိုးလည်း ရှိတယ်။ အဆိပ်ငွေကျတော့ လူကို နုံးစေတယ် ခေါင်းမူးတယ် အင်အားတွေ ပျက်လက်သွားအောင် ဖြစ်စေတယ်” ဟု ၎င်းက ပြောသည်။
မိုးဗြဲတိုက်ပွဲတွင် ဆက်လက်ပြင်းထန်နေကြောင့် မိုးဗြဲမြို့အတွင်း အများပြည်သူ ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ၂၈ ရက်နေ့အထိ (၅) ရက်တာ ခေတ္တပိတ်ထားမည်ဟု မိုးဗြဲပြည်သူကာကွယ်ရေး တပ်နှင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သျှမ်းပြည် နောင်ချိုမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၂၃ ရက်)နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။