သျှမ်း-ကရင်နီ နယ်စပ်နှင့် အင်းလေးဘက် တိုက်ပွဲပြင်းထန်၊ PNA ဘက်မှ စစ်သုံ့ပန်း (၄) ဦး ဖမ်းမိ

သျှမ်း-ကရင်နီ နယ်စပ်နှင့် အင်းလေးဘက် တိုက်ပွဲပြင်းထန်၊ PNA ဘက်မှ စစ်သုံ့ပန်း (၄) ဦး ဖမ်းမိ

ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ စစ်သုံ့ပန်းများ။

သျှမ်း-ကရင်နီ နယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် အင်းလေးဒေသတို့တွင် တိုက်ပွဲပြင်းထန်နေပြီး အင်းလေးတိုက်ပွဲတွင် PNA စစ်သုံ့ပန်း (၄) ဦး ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက် ညနေ (၂ နာရီခွဲ) ဝန်းကျင်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး တိုက်ပွဲအတွင်း PNA ဘက်မှ စစ်သုံ့ပန်း (၄) ဦးကို ဖမ်းမိခဲ့သည်ဟု အင်းလေး PDF က ထုတ်ပြန်ထားသည်။

“တိုက်ပွဲမှာ PNA တပ်သား (၄) ဦး ဖမ်းမိတယ်။ သူတို့ဘက် သေဆုံးတာက (၅) ယောက်ရှိတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိဘူး။ လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိလိုက်တယ်” ဟု အင်းလေး PDF တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ စစ်ကောင်စီဘက်မှ အင်းလေးဒေသအပါဝင် သျှမ်း-ကရင်နီ နယ်စပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသတစ်ဦးက ပြောသည်။

“အခုက ပွင့်လင်းရာသီလည်းဖြစ်တော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်မယ်။ ပြီးတော့ PNO တို့က အင်းလေးဒေသကို စိုးမိုးချင်နေတာဖြစ်မယ်။ ဒါကြောင့် လာပြီး တိုက်နေတာထင်တယ်” ဟု ၎င်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မိုးဗြဲနှင့် ဖယ်ခုံဘက်တွင်လည်း စစ်ကောင်စီနှင့် KNDF တို့ တိုက်ပွဲပြင်းထန်နေပြီး လွိုင်ကော် အမြောက်တပ်နှင့် လွိုင်လင်လေး ခြေမြန်တပ်ရင်း (ခမရ- ၅၃၀) တပ်တို့က စစ်ကောင်စီကို လာကူညီနေပြီး လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်နေကြောင်း မိုးဗြဲ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးဗြဲတို့ ဖယ်ခုံတို့က တိုက်ပွဲပြင်းထန်နေတာ တစ်လလောက်ရှိပြီ။ လက်နက်သံတွေလည်း အမြဲတမ်းကြားနေရတယ်။ မိုးဗြဲတို့ အနီးတဝိုက်က ရွာတွေလည်း စစ်ရှောင်နေရတယ်။ ပိုက်ဆံရှိတဲ့သူတွေက တခြားမြို့တွေ သွားရှောင်ကြတယ်။ တစ်ချို့ကျတော့လည်း တောထဲတွေမှာ ရှောင်ကြတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ယခုကဲ့သို့ သျှမ်း-ကရင်နီ နယ်စပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စစ်ကောင်စီဘက်မှ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသောကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနေခြင်းဖြစ်သည်ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဖက်ကမ်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၃၀) ကျော် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုလက်ရှိ ညောင်ရွှေမြို့နယ်တွင် ကျေးရွာ (၁၀) ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင် ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရသည်။

Most read this week

April 18, 2025
‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ ကြောင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့...
April 11, 2025
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ခက်ခဲနေချိန် စစ်ကောင်စီလက်အောက်ခံ...
April 11, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ငါးယှန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး...
April 10, 2025
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ...