အနန်းကွင်းကျေးရွာရှိ နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

အနန်းကွင်းကျေးရွာရှိ နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

KNU - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ ဝင်းရေးမြို့နယ်  အနန်းကွင်းကျေးရွာ၌ လူနေအိမ် ၅၀ လုံးကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်မြေခံ KNU တာဝန်ရှိသူက ပြောသည်။

အဆိုပါ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းကို စစ်ကူအင်အားတိုးပို့ထားပြီးနောက် ဝေဟင်မှ လေယာဉ်ဖြင့် လွယ်ကူစွာ ရိက္ခာချပေးနိုင်ရန်အတွက် ယခုလို ကျေးရွာအတွင်းရှိ လူနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု KNU မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က လူအင်အားလဲ ပို့ထားတယ်ဆိုတော့ ရိက္ခာကို လေယာဉ်နဲ့ဘဲ ချပေးနေရတယ်။ နေရာချဲ့လိုက်တာ။ အဲဒါကို ရဟတ်ယာဉ်ဆင်းသက်ဖို့၊ ပြီးတော့ ရိက္ခာ၊ လက်နက်တွေချနိုင်ဖို့အတွက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာ။ ပြီးတော့ ပစ်ကွင်းအဖြစ် မြင်ကွင်းရှင်းအောင် သူတို့လုပ်တယ်။ အခု မီးရှို့တဲ့နေရာတွေမှာ သူတို့ ရှင်းထားတာရှိတယ်” ဟု ၎င်းက ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြောသည်။

ထို့အပြင် အနန်းကွင်းကျေးရွာ၌ ယနေ့ထိ စစ်ကောင်စီက လူနေအိမ်များကို မီးရှို့နေဆဲဖြစ်သလို ရဟတ်ယာဉ်ဆင်းသတ်ရန် နေရာရှင်းထားပြီး အနီးဝန်းကျင်ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု မြေပြင်အခြေအနေကို စောင့်ကြည့်နေသူ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီက ဗျူဟာမကျရေး ၃ ကြိမ်ခန့် စစ်ကူအင်အားပို့ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ သေဆုံး၊ ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

လက်ရှိ အနန်းကွင်းဗျူဟာစခန်းနှင့် အနီးဝန်းကျင်၌ စစ်ကောင်စီ အင်အား ၃၀၀ ဦးခန့်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ အနန်းကွင်းကျေးရွာတွင် လူနေအိမ် စုစုပေါင်း ၄၀၁ လုံးရှိကာ အိမ်ထောင်စု ၄၃၄ စု၊ လူဦးရေ စုစုပေါင်း ၂,၄၈၅ ဦး ရှိသည့် ကျေးရွာကြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ရေးအရှိန် မြင့်တင်လာသောကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးသလို ယနေ့အချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...