မြန်မာမှ နေရာ ၅ ခုကို ထိုင်းက လျှပ်စစ်မီး စတင်ဖြတ်

မြန်မာမှ နေရာ ၅ ခုကို ထိုင်းက လျှပ်စစ်မီး စတင်ဖြတ်
เอก เกียรติศักดิ์ แม่สอด.. (မဲဆောက်မြို့ဒေသခံ ထိုင်းအမျိုးသားတဦး၏ လူမှုကွန်ရက်မှ)
เอก เกียรติศักดิ์ แม่สอด.. (မဲဆောက်မြို့ဒေသခံ ထိုင်းအမျိုးသားတဦး၏ လူမှုကွန်ရက်မှ)

ထိုင်း−မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များမှ နေရာငါးခုကို ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းမီဒီယာများနှင့်အတူ ဒေသခံများထံမှ သိရသည်။

ထိုင်း−မြန်မာနယ်စပ်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသို့ ပံ့ပိုးပေးနေသည်ဟု ယူဆရသည့် နေရာ ငါးခုကို လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) က ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ထုတ်ပြန်လာပြီးနောက် ယနေ့တွင် လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ တဆင့် လျှပ်စစ်မီးပေးနေသာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှပေးနေသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် – ၂ (မြဝတီ)၊ ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ပေးနေသော ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့၊ Allure Group (P&E) မှပေးနေသော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (တာချီလိတ်) တို့ကို လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။

“မီးဖြတ်ရုံနဲ့ ဘယ်ကရပ်မလဲ။ သူတို့မှာ မီးစက်တွေက အပြည့်အစုံပဲ၊ ဒီကာစီနိုတွေရပ်ဖို့ မစဥ်းစားနဲ့မရပ်ဘူး။ ဘယ်တော့မှလည်းမရပ်ဘူး။ စက်သုံးဆီကို ထိုင်းဘက်က ယူနေတာ။ တချို့နေရာတွေ တချို့ တိုးဂိတ်တွေမှာ ပိုက်ကြီးတွေနဲ့ကို ချထားတာ။ ကိုးသုံးလုံးဂိတ်တို့ ဘာတို့မှာ ကားပေါ်ပိုက်ထိုး (လောင်စာဆီ) ပြီးတော့ သယ်နေတာ” ဟု မြဝတီမြို့ဒေသခံက ပြောသည်။

မြဝတီမြို့ပေါ်ရပ်ကွက်အများစုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလက မြဝတီမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ချိန်မှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်နေကြခြင်းဖြစ်ပြီး ဆိုလာနှင့် မီးစက်များကို အဓိကထားသုံးစွဲခဲ့ကြခြင်းဟု ဆိုသည်။

သို့သော် မြဝတီမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများ၊ ချစ်ကြည်ရေးတံတားများ၊ ဆေးရုံများနှင့် မြို့တွင်းလမ်းများ၌ အသုံးပြုနေသောမီးပွိုင့်များမှာမူ ထိုင်းနိုင်ငံမှ ရရှိသော လျှပ်စစ်မီးကိုအသုံးပြုနေကြခြင်းဖြစ်ကြောင်း မြဝတီမြို့ခံကပြောသည်။

ယနေ့ နံနက် ထိုင်းဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အတွက် မြဝတီရှိ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရပ်တန့်သွားသောကြောင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်ရရှိရေး အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

မြဝတီမြို့၌ လည်ပတ်နေသည့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ကာစီနိုရုံများသည် လျှပ်စစ်မီးဖြတ်တောက်ရုံဖြင့် ရပ်တန့်သွားမည်မဟုတ်ဘဲ ၎င်းတို့၏ မီးစက်များမလည်ပတ်နိုင်အောင် လောင်စာဆီဖြတ်တောက်မှသာ ထိခိုက်မှု ရှိလာမည်ဟု ယူဆကြောင်းလည်း ၎င်းကပြောသည်။

သို့သော် ထိုသို့ လောင်စာဆီဖြတ်တောက်ပါကလည်း ထိုင်းဘက်မှလာသည့် လောင်စာဆီကိုသာ မှီခိုနေရသော မြဝတီမြို့ခံများ၌ပါ ထိခိုက်မှုများရှိလာမည်ကို စိုးရိမ်မိကြောင်း ဆိုသည်။

ထို့အတူ တာချီလိတ်မြို့ပေါ်ရှိ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးသွယ်ယူထားသည့် ရပ်ကွက်အချို့၌လည်း ယနေ့ နံနက်ပိုင်း၌ မီးပြတ်တောက်သွားကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့်အတူ လာအိုနိုင်ငံဘက်မှလည်း လျှပ်စစ်မီးဝယ်ယူထားသောကြောင့် လာအိုလျှပ်စစ်မီးဖြင့် လည်ပတ်နေသည့် ရပ်ကွက်များမှာ မီးပြတ်တောက်ခြင်းမရှိကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းမှ လျှပ်စစ်မီးဖြင့် လည်ပတ်နေသော မြို့ပေါ်ရပ်ကွက်တခုမှ ဒေသခံတဦးကမူ ယနေ့ နံနက်တွင် မီးပြတ်သွားသော်လည်း လာအိုဘက်မှ မီးလိုင်းဖြင့် ချိတ်ဆက်ကာ မွန်းလွဲပိုင်းတွင် မီးပြန်လာမည်ဟု သိရကြောင်းပြောသည်။

“အမလည်း မနက်က မီးပြတ်သွားတော့ ဘာလို့များလဲဆိုပြီး မီးရုံးကိုဖုန်းဆက်မေးတာ နေ့ခင်း ၁၂ နာရီလောက်ပြန်လာမယ်ပြောတယ်။ အမတို့ ရပ်ကွက်က ထိုင်းဘက်ကယူတာ” ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတဦးကပြောသည်။

ထို့ကြောင့် ထိုင်းဘက်ခြမ်းမှ လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း လာအိုနိုင်ငံဘက်မှ ရရှိသည့် လျှပ်စစ်မီးဖြင့် တာချီလိတ်မြို့၌ လျှပ်စစ်မီးဆက်လက်ရရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် Provincial Electricity Authority (PEA) သည် မြန်မာနိုင်ငံဘက်ခြမ်းမှ တာချီလတ်၊ ဘုရားသုံးဆူနှင့် မြဝတီဒေသများသို့ လျှပ်စစ်မီး တင်ပို့ရောင်းချနေသည်မှ ဆယ်စုနှစ် တခုခန့်ကြာမြင့်နေပြီဖြစ်သည်။ အဆိုပါ လျှပ်စစ်ရောင်းချမှုမှတဆင့် ထိုင်းနိုင်ငံသည် တနှစ်လျှင် ဘတ်ငွေ သန်း ၈၀၀ ခန့် အကျိုးစီးပွားရရှိနေခြင်းဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း၌ တရုတ်မင်းသား ဝမ်ရှင်းအပါအဝင် တရုတ်နိုင်ငံမှ နိုင်ငံကျော်အချို့ မြဝတီမြို့ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသို့ လူကုန်ကူးခံရပြီးနောက် မြဝတီ၊ ရွှေကုက္ကိုလ်နှင့် KK Park တို့သည် ကမ္ဘာသတင်းစာမျက်နှာများ၌ အကျယ်တဝင့်ဖော်ပြခံလာရကာ လူအများ၏ အာရုံစိုက်ခြင်းခံလာရသည်။

ထို့အတူ ထိုင်းနိုင်ငံမှ အစွမ်းကုန်ကြိုးပမ်းလျက်ရှိသော နိုင်ငံခြားခရီးသွားစွဲဆောင်ရေးမှတဆင့် နိုင်ငံဝင်ငွေတိုးတက်အောင်ပြုလုပ်နေသည့် လုပ်ငန်းစဥ်များလည်း ထိခိုက်မှုရှိခဲ့သည်။

တရုတ်အစိုးရပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျူကျန်ကျိနှင့် ကိုယ်စားလှယ်အဖွဲ့သည်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့သို့လာရောက်ကာ တဖက်ကမ်း မြဝတီမြို့ရှိ ကာစီနိုရုံများနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို လာရောက်ကြည့်ရှုခဲ့သည်။

မြန်မာပိုင်နက်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို ထိရောက်စွာတိုက်ဖျက်ရေး၊ အဆိုပါလုပ်ငန်းများအတွင်း ဖမ်းဆီးခံ၊ လူကုန်ကူးခံထားရသည့် တရုတ်နိုင်ငံသားများကို ကယ်ထုတ်ရန် နည်းလမ်းရှာဖွေခြင်းတို့ ပြုလုပ်ရန်ဟုဆိုသည်။ ထို့နောက် ယခုကဲ့သို့ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို အရေးယူရန် လုပ်ဆောင်ပြလာခြင်းဖြစ်သည်။

Most read this week

April 21, 2025
မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုသည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားကြီးငလျင်ကြောင့်...
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးတိုင်းတနေရာရှိ လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ ပြုလုပ်နေပုံ (ဓါတ်ပုံ-AFP)
April 21, 2025
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်သို့ လာရောက်ဈေးဝယ်ယူသူများနှင့် ကားသမားများအပါအဝင် လူ ၂၀၀ ကျော်...
လားရှိုးမြို့၌ ကိုးကန့်တပ် နှင့် ညီနောင်မဟာမိတ်အလံ လွှင့်ထူထားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကမြင်တွေ့ရစဥ်။ (ဓါတ်ပုံ − AFP)
April 18, 2025
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက်ခဲ့ရာ လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၁၈...
April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...