ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ

ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စု၊ လဘန်ရွာက စစ်ရှောင်စခန်း။

ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကို ပြောပါတယ်။

လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်းအထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိရှိတယ်လို့ သိရပါတယ်။

ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို တစ်လ ကျပ် ၂ သောင်းသာ ကောက်ခံပြီး ရရှိတဲ့ငွေအနည်းငယ်ကို စေတနာ့ဝန်ထမ်း ဆရာ/မ ၅ ဦးကို ခွဲဝေပေးကာ အဆင်ပြေသလို ကျောင်းကို လည်ပတ်နေတာ ဖြစ်ပါတယ်။

သို့ပေမယ့် မိဘများ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိလာတော့တဲ့အခါ ကျောင်းအတွက် လိုအပ်ချက်ဖြည့်ဆည်းဖို့နဲ့ ကျောင်းလစဉ်ကြေး ပေးဆောင်နိုင်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ လဘန်ကျေးရွာရှိ အောင်မြေ ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံ အမျိုးသမီးက အခုလိုပြောပါတယ်။

“အခုက လစဉ်ကြေးတွေ ကောက်ခံဖို့အတွက်လည်း မိဘတွေက ဝင်ငွေက တပြားမှမရှိ။ စားဖို့တောင် ခက်ခဲတဲ့အတွက် လစဉ်ကြေးတောင် မကောက်တော့ဘူး။ ဒီအတိုင်း ဆက်ဖွင့်နေတာ” လို့ ဆိုပါတယ်။

ကျောင်းသားမိဘတွေဆီက လစဉ်ကြေးကောက်ခံဖို့ ခက်ခဲလာတဲ့အခါ စေတနာ့ဝန်ထမ်း ဆရာမတွေအတွက် ပိုမိုကြပ်တည်းလာတာဘဲ ဖြစ်ပါတယ်။

ဒါအပြင် ကျောင်းအတွက် လိုအပ်တဲ့ စာအုပ်၊ ကျောင်းသုံးကိရိယာ၊ ကျောင်းသုံးစားပွဲနဲ့ ခုံတွေ ဝယ်ယူနိုင်ဖို့ ငွေကြေးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး Kachin Human Rights Watch အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့ က “ကျောင်းသူ/ကျောင်းသားတိုင်း စာသင်ခွင့် အပြည့်အဝရရှိဖို့အတွက်တော့ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်း အပိုဒ် ၂၆ မှာ တွေ့ရပါတယ်။ ပြီးတော့ Child Rights Convention ရဲ့  article ၂၈ မှာ ကလေးတွေ စာသင်ခွင့် အပြည့်အဝရရှိဖို့ ကြေညာထားပါတယ်” လို့ ဆိုပါတယ်။

လဘန်ကျေးရွာရှိ အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ၂၀၂၄ ဇွန်လ ၂၀ ကတည်းက စတင်သင်ကြားခဲ့ကြတာဖြစ်ပြီး ၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျောင်းပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် စေတနာ့ဝန်ထမ်း ဆရာ/မ မလုံလောက်မှုတွေကြောင့် လာမယ့်စာသင်နှစ်မှာ ကျောင်းဆက်ဖွင့်နိုင်ဖို့ ကြပ်တည်းနေပြီး တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ဆင်ရေး စတင်လာတဲ့နောက်ပိုင်း ဝိုင်းမော်မြို့နယ်ထဲမှာ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကျေးရွာ ၂၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်တို့အကြား စစ်ရေးတင်းမာနေတာဆဲဖြစ်တာကြောင့် ဒေသခံတွေ နေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။

Most read this week

December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...
Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...