ဖားအံမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လစဉ်ထောက်ပံ့ကြေးတောင်းခံမှု ဆက်ရှိနေ

ဖားအံမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လစဉ်ထောက်ပံ့ကြေးတောင်းခံမှု ဆက်ရှိနေ

ဖားအံမြို့ပေါ် ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စစ်မှုထမ်းများအတွက် လစဉ်ထောက်ပံ့ကြေးကို စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တောင်းခံနေမှုများ ဆက်ရှိနေသေးသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားအံမြို့ပေါ် အမှတ် ၆ ရပ်ကွက်၊ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ရပ်ကွက်အတွင်း နေထိုင်သူများကို စစ်မှုထမ်းထောက်ပံ့ကြေး လစဉ် ကျပ် ၅,၀၀၀ ကောက်ခံနေသည်ဟု အခြေအနေမှန်ကို သိရှိထားသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အဓိက တောင်းခံနေတာကတော့ ဒီအမှတ် (၆) ရပ်ကွက်မှာ၊ အုပ်ချုပ်ရေးမှူးအပိုင်းကသူတွေ လိုက်ပြီးတော့ စေတနာရှိသလောက် ပေးရမယ်။ ပြီးတော့ အနည်းဆုံး ငါးထောင်အထိပေးရတယ်။ ငါးထောင်က အခုခေတ် အခြေအနေနဲ့ဆို နည်းပေမဲ့ နေ့စားသမားတွေအတွက် တကယ်ကို ခက်ခဲတယ်။ ပြီးတော့ လတိုင်းပေးရမယ်လို့လည်း ပြောသွားပါတယ်” ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အခြားမြို့နယ်များမှ စစ်ဘေးရှောင်များ အိမ်ခန်းငှား လာရောက်ငှားရမ်းနေထိုင်မှုများရှိသည့် အဆိုပါ အမှတ် ၆ ရပ်ကွက်တွင် အများစုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး ယခုလို ပိုက်ဆံကောက်သည့်အတွက် ဝန်တစ်ခုသဖွယ် ဖြစ်နေသည်ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ၎င်းဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သူ လူငယ်များကို အတင်းအကြပ်ခေါ်ယူမည့် အခြေအနေကိုလည်း စိုးရိမ်နေရသည်ဟု မြို့ခံတို့က ပြောသည်။

သို့သော် ဖားအံမြို့ပေါ်တွင် ထိုသို့ ဆင့်ခေါ်စာပို့ ခေါ်ယူခြင်းမျိုး မရှိသေးကြောင်း ဖားအံမြို့ခံ သတင်းရင်းမြစ်များက ပြောသည်။

မြို့ခံ အမျိုးသမီးတစ်ဦးက “အိမ်အထိတော့ စာတွေမရောက်လာသေးဘူး။ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ပြောသံတွေတော့ ကြားထားတာရှိတယ်။ တချို့သူငယ်ချင်းတွေက တခြားနိုင်ငံတွေကို ထွက်နေကြတာရှိတော့ နောက်ပိုင်းမှာ ဘယ်လိုရင်ဆိုင်ရမလည်း မသိသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ ငွေကြေးတောင်းခံသူများကို အရေးယူပြုလုပ်မည်ဟု ပြောဆိုထားပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လူစားလဲရန် ငွေကျပ် သိန်း ၁၃၀ တောင်းခံခဲ့သည့် ရဲမှူးနှင့် ထွေအုပ်စာရေးတို့ကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီလက်အောင်ရှိ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

Most read this week

February 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအတွင်းသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇...
February 17, 2025
အင်းစိန်အကျဥ်းထောင်တွင်ထားရှိသည့် ရိုဟင်ဂျာ အကျဥ်းသား (၅၈၄) ဦး၊ အကျဥ်းသူ (၂၆၇) ဦး၊ ကလေးငယ် (၆၇)...
February 14, 2025
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး...
February 13, 2025
တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ လူ ၂၀၀ ဦးကျော် ယားနာနှင့်...